သမ္မတဂျိုးဘိုင်ဒင်၏ အာရှခရီးစဉ်အတွင်း မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ် ရန်စနိုင်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အာရှခရီးစဉ်အတွင်းမှာ မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်တာ၊ ဒုံးကျည်ပစ်လွှတ် စမ်းသပ်တာကို လုပ်ဆောင်နိုင်တယ်လို့ အမေရိကန်အစိုးရ ထောက်လှမ်းရေးဌာနက သတိပေးထားပါတယ်။

သမ္မတဂျိုးဘိုင်ဒင်ရဲ့ ဒီတပတ် တောင်ကိုရီးယားနဲ့ ဂျပန်ခရီးစဉ် မစခင်မှာ အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ်ဆယ်လဗင်က သတိပေးလိုက်တာပါ။

“ဒီလို ဖြစ်နိုင်ခြေအားလုံးအတွက် ပြင်ဆင်ထားပါတယ်။ ကိုရီးယားနဲ့ ဂျပန်ခရီးစဉ်မှာ ဒီလို ရန်စမှုတွေဟာ ရှိလာနိုင်ပါတယ်” လို့ ဆယ်လဗင်က မေ ၁၈ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒါကြောင့် မြောက်ကိုရီးယားရဲ့ လှုပ်ရှားမှုတွေကို အမေရိကန်ပြည်ထောင်စုဟာ တောင်ကိုရီးယား၊ ဂျပန်တို့နဲ့ ပူးပေါင်းပြီး အနီးကပ် စောင့်ကြည့်နေတယ်၊ တရုတ်နိုင်ငံက အဆင့်မြင့်သံတမန်နဲ့ တရုတ်ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရိုအဖွဲ့ဝင် ယန်ဂျဲချီနဲ့ မနေ့က တယ်လီဖုန်းနဲ့ စကားပြောတဲ့အချိန်မှာလည်း မြောက်ကိုရီးယားကိစ္စကို ထည့်ပြောခဲ့တယ်လို့ ဆယ်လဗင်က ပြောပါတယ်။

“အမေရိကန် ထောက်လှမ်းရေး သတင်းတွေအရ မြောက်ကိုရီးယား တာဝေးပစ်ဒုံးကျည် စမ်းသပ်မှုတွေ လုပ်မယ်ဆိုတာ ခိုင်မာတယ်။ နျူကလီးယား စမ်းသပ်တာလည်း ဖြစ်နိုင်တယ်။ နှစ်မျိုးစလုံးလည်း ဖြစ်နိုင်တယ်။ သမ္မတခရီးစဉ်နဲ့ တိုက်ဆိုင်ပြီး ဒါမှမဟုတ် ခရီးစဉ် မတိုင်ခင်၊ ခရီးစဉ်နောက်ပိုင်းမှာ ဖြစ်နိုင်ပါတယ်” လို့ ဆယ်လဗင်က ပြောပါတယ်။

အမေရိကန်အစိုးရဟာ ဒေသတွင်းက အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေ ရေတို၊ ရေရှည် လုံခြုံရေး၊ မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကို ဘယ်လိုတုံ့ပြန်ရမလဲ ဆိုတာတွေကို ပြင်ဆင်ထားပြီးသား ဖြစ်တယ်လို့ ပြောပါတယ်။

သမ္မတဂျိုးဘိုင်ဒင်ရဲ့ တောင်ကိုရီးယား ခရီးစဉ်အတွင်း တောင်နဲ့ မြောက် နယ်စပ်က စစ်ကင်းမဲ့ဇုန်ကို သွားဖို့ စီစဉ်ထားတယ်လို့ အိမ်ဖြူတော်က အရင်တပတ်က ပြောခဲ့ပေမဲ့ အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီလို့ အိမ်ဖြူတော်ပြောခွင့်ရ ကာရင်းယန်ပီယားက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

//
More News
Up