ပရီးမီးယားလိဂ်ဖလားလုမည့် မန်စီးတီးနှင့် လီဗာပူးကွင်းတို့တွင် ဆုဖလား ၂ လုံး ထားရှိမည်

ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်တွေ ကစားချိန်မှာ မန်စီးတီးနဲ့ လီဗာပူး ၂ သင်းစလုံးရဲ့ကွင်းတွေမှာ ချန်ပီယံဆုဖလား ၂ လုံး ထားရှိသွားမယ်လို့ သိရပါတယ်။

လက်ကျန်တပွဲအလိုမှာ မန်စီးတီးက လီဗာပူးကို တမှတ်အကွာနဲ့ ဦးဆောင်နေပြီး နောက်ဆုံးလိဂ်ပွဲစဉ်တွေက ချန်ပီယံဖြစ်ရေး အဆုံးအဖြတ်ပွဲစဉ်တွေ ဖြစ်လာမှာပါ။

မန်စီးတီးအသင်းက အက်စတွန်ဗီလာကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်သလို လီဗာပူးကလည်း ဝုဗ်အသင်းကို အိမ်ကွင်းမှာပဲ တချိန်တည်း ယှဉ်ပြိုင်ကစားရမှာပါ။

ဘယ်အသင်း ချန်ပီယံဖြစ်မလဲဆိုတာ မသေချာသေးတဲ့ အခြေအနေကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားကို ၂ သင်းလုံးရဲ့ကွင်းမှာ ထားရှိဖို့ စီစဉ်ခဲ့တာပါ။ ၂ သင်းလုံးရဲ့ ကွင်းတွေမှာ ဆုဖလားချီးမြှင့်စင်တွေကိုလည်း ကြိုတင်စီစဉ်ထားပါတယ်။

ဒါပေမဲ့ ပရီးမီးယားလိဂ် အမှုဆောင်အရာရှိချုပ်ဖြစ်သူ ရစ်ချက်မာစတာကတော့ မန်စီးတီးရဲ့အိမ်ကွင်း အီတီဟတ်မှာ ရှိနေမယ်လို့ တယ်လီဂရပ်ဖ်သတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ် ချန်ပီယံဆုဖလား အစစ်ကို မန်စီးတီးကွင်းမှာ ထားရှိမှာဖြစ်ပြီး ပုံစံတူ ဆုဖလားကို လီဗာပူးကွင်းမှာ ထားရှိမယ်လို့ သိရပါတယ်။

မန်စီးတီးအသင်းဟာ ဗီလာကို အနိုင်ရမယ်ဆိုရင် လီဗာပူးရဲ့ရလဒ်ကို ကြည့်စရာမလိုဘဲ ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မှာ ဖြစ်ပါတယ်။

//
More News
Up