အိန္ဒိယတွင် မြစ်ကမ်းပါးကျိုးပေါက်ပြီး လူ ၅ သိန်းကျော် ရေဘေးသင့်

အိန္ဒိယနိုင်ငံနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ထဲကို စီးဝင်တဲ့ ကမ္ဘာ့အကြီးဆုံး မြစ်တွေထဲက တစင်းဖြစ်တဲ့ ဗြဟ္မပုတြမြစ်ဟာ  ပြီးခဲ့တဲ့ ၃ ရက်က အာသံပြည်နယ်ထဲမှာ ကမ်းပါးတွေ ကျိုးပေါက်ခဲ့လို့ လူ ၅ သိန်းကျော် ရေဘေးသင့်ခဲ့တယ်လို့ အာသံပြည်နယ် ရေအရင်းအမြစ်ဝန်ကြီးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ကျန်ခဲ့တဲ့ ၃ ရက်အတွင်း လူ ၇ ယောက် ရေနစ်သေဆုံး၊ ရွာပေါင်း ၁,၅၀၀ ကျော် ရေမြုပ်ခဲ့ပြီး ဟိုဂျိုင်ခရိုင်ထဲမှာ ပိတ်မိနေတဲ့ လူအယောက် ၂,၀၀၀ ကျော်ကို အိန္ဒိယစစ်တပ်က ဘေးလွတ်ရာ ရွှေ့ပေးခဲ့ရပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လုပ်နေဆဲလို့ ပြည်နယ် ကျန်းမာရေးဝန်ကြီး ခေရှက်ဘ် မာဟန်တာက ပြောပါတယ်။

ကျောက်ဆောင် ကျောက်ကမ်းပါး ပေါများတဲ့ အာသံပြည်နယ်အတွင်း မိုးသည်းကြီးမည်းကြီး ရွာခဲ့ပြီး ဒီနေ့ မေ ၁၈ ရက်အထိ ဆက်လက်ရွာသွန်းဆဲပါ။ လာမယ့် ၂ ရက်မှာလည်း မိုးဆက်ရွာမယ်လို့ ကြေညာထားပါတယ်။

မြစ်ရေမျက်နှာပြင်ကလည်း ဆက်ပြီး မြင့်တက်မယ်လို့ ခန့်မှန်းထားကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

အဆိုးဆုံး ရေဘေးသင့်ခဲ့တဲ့ ဒီမာဟာဆောင်ခရိုင်မှာ ရေကြီး မြေပြိုတာတွေကြောင့် ရထားလမ်းရော ကားလမ်းတွေပါ ပြတ်တောက်ကုန်တဲ့အတွက် အခြေအနေက အလွန်အမင်း ဆက်လက်ဆိုးရွားနေဆဲပဲလို့ အာသံပြည်နယ် ကပ်ဘေးသက်သာရေး ကြီးကြပ်နေတဲ့ ဝန်ကြီး ဂျိုဂျန် မိုဟန်က ပြောပါတယ်။

အိန္ဒိယနိုင်ငံအတွင်း မြို့တော် ဒေလီ အပါအဝင် တခြားမြို့တွေမှာတော့ အပူလှိုင်းဒဏ်ကို ခံစားနေရဆဲ ဖြစ်ပါတယ်။

//
More News
Up