နေတိုးအဖွဲ့ဝင်ဖြစ်ရေး ဖင်လန်နှင့် ဆွီဒင် တရားဝင် လျှောက်လွှာတင်

ဖင်လန်နဲ့ ဆွီဒင်နိုင်ငံတွေဟာ နေတိုး စစ်ရေးမဟာမိတ်အဖွဲ့နဲ့ ပူးပေါင်းဖို့ နေတိုးဌာနချုပ်မှာ မေ ၁၈ ရက်က တရားဝင် လျှောက်လွှာတင်သွင်းလိုက်ပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့လို့ ခုလို ဆုံးဖြတ်ခဲ့တာဖြစ်ပြီး နေတိုးအဖွဲ့ဝင်ဖြစ်ရေး လုပ်ငန်းစဉ်က သီတင်းပတ်အနည်းငယ်သာ ကြာဖို့လည်း မျှော်လင့်ထားပါတယ်။

စစ်အေးခေတ်တလျှောက်လုံးမှာ ဆွီဒင်နဲ့ ဖင်လန်ဟာ ဘက်မလိုက်နိုင်ငံတွေပါ။ နေတိုးနဲ့ပေါင်းဖို့ သူတို့ရဲ့ ဆုံးဖြတ်ချက်ဟာ ဆယ်စုနှစ်တွေအတွင်း ဥရောပလုံခြုံရေး ဗိသုကာ အခင်းအကျင်းမှာ အထင်ရှားဆုံး အပြောင်းအလဲ ဖြစ်လာခဲ့ပါတယ်။

နေတိုး အတွင်းရေးမှူးချုပ် ယန်းစတော့တန်ဘာ့ဂ်က  “မဟာမိတ်တွေအားလုံးရဲ့ လုံခြုံရေး အကျိုးစီးပွားတွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပြီး ပြဿနာအားလုံးကို ဖြတ်ကျော်ရင်း အမြန်ကောက်ချက်ချဖို့ ကျွန်ုပ်တို့ ဆုံးဖြတ်ထားတယ်” လို့ ဆွီဒင်နဲ့ ဖင်လန် သံအမတ်ကြီးတွေဆီက လျှောက်လွှာလက်ခံယူတဲ့ အခမ်းအနားမှာ ပြောပါတယ်။

သူတို့ရဲ့ လျှောက်လွှာတွေကို မဟာမိတ်အဖွဲ့ဝင် နိုင်ငံ ၃၀ လုံးရဲ့ လွှတ်တော်တွေက အတည်ပြုဖို့ အချိန်တနှစ်အထိ ကြာနိုင်ကြောင်း သံတမန်တွေက ပြောပါတယ်။

တကယ်လို့ နေတိုး စစ်ရေးမဟာမိတ်အဖွဲ့က စစ်ရေး အခြေခံအဆောက်အဦတွေကို ဆွီဒင်နဲ့ ဖင်လန်မှာ တိုးမြှင့်ချထားတာတွေ စလုပ်မယ်ဆိုရင် ရုရှားက တုံ့ပြန်မယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က သတိပေးလိုက်ပါတယ်။

ဆိုဗီယက်ခေတ်လွန် ကာလမှာ နေတိုးမဟာမိတ်အဖွဲ့ နယ်ပယ်က ရုရှားနယ်စပ်ရှိရာ ဥရောပအရှေ့ဘက်ဆီကို တိုးချဲ့လာတာဟာ ယူကရိန်းပဋိပက္ခရဲ့ အကြောင်းရင်းပဲလို့ ပူတင်က အကြိမ်ကြိမ် ကိုးကား ပြောဆိုခဲ့ပါတယ်။

နေတိုးရဲ့အင်အားကို ချဲ့ထွင်ခြင်းဟာ ခက်ခဲတဲ့ ကမ္ဘာ့လုံခြုံရေး အခြေအနေကို ပိုမိုဆိုးရွားလာစေဖို့ အမေရိကန်က ပြင်းထန်တဲ့နည်းလမ်းကို သုံးနေတာလို့ ပူတင်က စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့ (CSTO) ရဲ့ အစည်းအဝေးမှာ တက်ရောက်လာတဲ့ အဖွဲ့ဝင် နိုင်ငံ့ခေါင်းဆောင်တွေကို ပြောပါတယ်။

ဒီအဖွဲ့ထဲမှာ ဆိုဗီယက်ပြည်ထောင်စုဟောင်း လက်အောက်က ရုရှား ဩဇာလွှမ်းတဲ့ နိုင်ငံတွေဖြစ်တဲ့ ဘဲလာရုစ်၊ အာမေးနီးယား၊ ကာဇက်စတန်၊ ကာဂျစ်စတန်နဲ့ တာဂျစ်ကစ္စတန်နိုင်ငံတွေ ပါပါတယ်။

//
More News
Up