ပြည်သူတွေကို ကူညီပေးဖို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာ ဆောင်ရွက်နေတဲ့ကိစ္စတွေနဲ့ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှုတွေအတွက် မေလ ၁၇ ရက် ဒီကနေ့ ရုံးထုတ်စစ်ဆေးပါတယ်။
ဒီနေ့ရုံးချိန်းမှာ ဒီအမှုနဲ့ပတ်သက်လို့ စွဲချက်တင်သင့်၊ မတင်သင့် လျှောက်လဲချက်ပေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပြီး ဘယ်လိုလျှောက်လဲချက်တွေ ပေးလည်းဆိုတာ မသိရပေမဲ့ နောက်ရုံးချိန်းမှာ စွဲချက်တင်သင့် မတင်သင့် အမိန့်ချမယ်လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဒီအမှုတွေနဲ့ပတ်သက်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို ချေဖျက်ပေးဖို့ လျှောက်ထားတာကို မတ်လ ၁၅ ရက်နေ့က ပယ်ချလိုက်ကြောင်းကို ထုတ်ပြန်ထားပါတယ်။
ရန်ကုန်ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်(ရုံးချုပ်) မြေ ၁ ဒသမ ၈၆ ဧကနဲ့ အဆောက်အဦတို့ကို လုပ်ထုံးလုပ်နည်း ဖောက်ဖျက်ပြီး ထိုက်သင့်တဲ့ တန်ဖိုးမပေးဘဲ လျော့နည်းသက်သာတဲ့ နှုန်းထားနဲ့ ငှားရမ်းမှု၊ နေပြည်တော်မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောင်ရွက်နေတဲ့ လရောင်တော စိုက်ပျိုးသက်မွေးပညာ သင်တန်းကျောင်းစီမံကိန်းဆောက်လုပ်ဖို့ မြေ ၁၀၁ ဒသမ ၃၃ ဧက ချထားပေးမှု၊ ပုဗ္ဗသီရိမြို့နယ်မှာ မြေ ၂၃ ဒသမ ၈၅၅ ဧက ချထားပေးမှု၊ နေပြည်တော်ရှိ လရောင်တောစီမံကိန်းအတွင်း ဒေါ်အောင်ဆန်းစုကြည် နေထိုင်ဖို့အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အလှူငွေထဲက ကျပ် ၁ ဒသမ ၆ ဘီလီယံ သုံးစွဲမှုတို့အတွက် အဂတိမှုတွေနဲ့ စွဲဆိုထားတာပါ။
ဒီအမှုတွေမှာ နေပြည်တော်မြို့တော်၀န် ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်၀န် ဦးရဲမင်းဦး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၀င် ဦးမင်းသူတို့လည်း အမှုတွဲအဖြစ် စွပ်စွဲခံရတဲ့အထဲ ပါ၀င်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စွပ်စွဲခံရသူတွေဘက်က ပြန်လည်ချေပပြောဆိုနိုင်တဲ့ အခွင့်အရေး မရရှိသေးပါဘူး။