မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းရှိ ကရင်တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ရွာတွေဘက်ကို စစ်ကောင်စီတပ်တွေ အင်အားဖြည့်ပြီး စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံရွာသား ရာနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက "အခုချိန်က မိုးတွင်းဘက်လည်းရောက်ပြီ။ ဥယျာဉ်ခြံ တောင်ယာလုပ်ငန်းတွေ စတင်လုပ်ကိုင်ရမယ့် အခြေနေရှိပေမဲ့ အခုလို ဒီနယ်မြေမှာ တိုက်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်ရတော့ အလုပ်တွေ မလုပ်ရတဲ့အပြင် အိုးအိမ်တွေစွန့်ပြီး နီးစပ်ရာ ရွာတွေမှာ လိုက်လံနေကြရတယ်" လို့ ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်သားတွေဟာ ဗီဇိုင်းရွာမှာ တပ်စွဲထားပြီး ရွာကလူတွေကို စစ်ဆေးမေးမြန်းတာက လွဲပြီး အန္တရာယ်မပြုသေးပေမဲ့ ရွာသားတွေ အများစုကတော့ အိမ်မပြန်ရဲကြသေးဘူးလို့ ဆိုပါတယ်။
မေ ၁၅ ရက် မွန်းလွဲ ၂ နာရီကျော်က စစ်တပ်နဲ့ KNLA တို့အကြား နာရီဝက်အကြာ နှစ်ဖက် ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီဘက်က ၃ ဦး ကျဆုံးခဲ့သလို စစ်ရေးတင်းမာလာတဲ့ အခြေနေတွေကြောင့် ဗီဇိုင်း၊ ကလိတ်တောင်၊ ကလိတ်တုတ်၊ ဝယ်ဘော်ရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။