မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ မေ ၁၆ ရက် မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်းနဲ့ YDF-ထီးလင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးပြီး ၈ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ YDF ထီးလင်းခေါင်းဆောင် သခင်ဇော်က ဒီဗွီဘီကို ပြောပါတယ်။
ထီးလင်းမြို့နယ် အောင်းရွာကနေ အရှေ့ဘက်ကို ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်သား ၇၀ ကျော်လောက်ပါတဲ့ တပ်မ ၁၁ စစ်ကြောင်းကို မေ ၁၆ ရက် မနက် ၆ နာရီခွဲလောက်မှာ YDF ထီးလင်းအင်အား ၈ ယောက်က ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ယောက်သေဆုံးပြီး ၈ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဖက် အနီးကပ်တိုက်ပွဲ နာရီဝက်လောက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လူအင်အား လက်နက်အင်အား သာလွန်ပြီး ဂငယ်ပုံဝိုက်ပြီး ဝိုင်းဖို့ကြိုးစားလာလို့ YDF ထီးလင်းက ရဲဘော်တွေ အထိခိုက် အကျအဆုံးမရှိဘဲ ဆုတ်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲပြီးလို့ နယ်မြေရှင်းလင်းရေးလုပ်တဲ့ အချိန်မှာ MA2 ကျည်ဆန် ၂ တောင့်၊ သွေးစွန်းနေတဲ့ ဘောင်းဘီတထည်နဲ့ သွေးကွက်တွေတွေ့ရပြီး (--) အလောင်း ၂ လောင်းကို ရွှေအောင်သာရွာဘက်ကို ထမ်းသွားတယ်လို့ သတင်းရကြောင်း ပြောပါတယ်။
“တိုက်ပွဲသတင်းကတော့ အရင်တခေါက် တင်ထားတာ ရှိတယ်ဗျ။ သူတို့က အဲဒီကနေပြီး ရွှေအောင်သာရွာဘက်ကို သွားတယ်။ ရွှေအောင်သာရွာဘက်ကိုရောက်တော့ စစ်(…) အလောင်း ၂ လောင်းကို မီးရှို့တာ ရွာသားတွေက တွေ့တယ်။ နောက်ထပ် စစ်(--) တကောင်ကျတော့ လက်ကို ကျည်မှန်ပြီး လက်ပြတ်သွားလို့ ချောင်းထဲမှာ သွေးတွေကို ဆေးနေတာ ရွာသားတွေကတွေ့တယ်” လို့ YDF ထီးလင်း ခေါင်းဆောင်က ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုအခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။