မွန်ပြည်နယ်၊ ရေးမြို့နယ်က စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တွေဖြစ်တဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေအပြင် ဌာနဆိုင်ရာ အရပ်ဘက်ဝန်ထမ်းတွေပါ မေ ၁၈ ရက်နေ့ကစတင်ပြီး လက်ရှိတာဝန်ကနေ ရပ်စဲကာ CDM ပြုလုပ်သွားကြဖို့ ရေးဘီးလူးအဖွဲ့သားတွေက လူမှုကွန်ရက်စာမျက်ကတဆင့် သတိပေးလိုက်ပါတယ်။
"စစ်ကောင်စီရဲ့ လက်ပါးစေ ဝန်ထမ်းတွေ CDM ပြုလုပ်ထားကြပါ။ နောက်ဆုံးသတိပေးခြင်းဖြစ်ပြီး Non CDM ပဲ ဆက်လုပ်နေပါက နောက်ဖြစ်လာမယ့် အကျိုးဆက်တွေ တာဝန်ယူသွားမှာ မဟုတ်ဘူး" လို့ ရေးဘီလူးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
တချို့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကတော့ အခုလို စစ်တပ်ကို အာဏာဖီဆန်ဖို့ CDM လုပ်ဖို့ ဆန္ဒရှိနေပေမဲ့ မိသားစုရဲ့ အခက်အခဲ အခြေနေတွေကြောင့် Non CDM အနေနဲ့သာ ရှိနေတာလို့ အမည်မဖော်လိုတဲ့ ဝန်ထမ်းတဦးက ပြောပါတယ်။
ရေးဘီလူး အဖွဲ့သားတွေဟာ စစ်ကောင်စီ လက်အောက်ခံ အဖွဲ့အစည်းတွေကို အကြိမ်ကြိမ် သတိပေးထားပြီးမှ စစ်တပ်၊ ရဲသတင်းပေးတွေနဲ့ အုပ်ချုပ်ရေးမှူး၊ လဝက၊ ကျောင်းဆရာမ အပါအဝင် ၁ ဒါဇင်နီးပါးလောက်ကို သုတ်သင်ထားခဲ့တာပါ။
စစ်ကောင်စီတပ်ဘက်ကတော့ ရေးဘီလူးအဖွဲ့သားတွေရဲ့ လုပ်ရပ်ဟာ အကြမ်းဖက်လုပ်ရပ်လို့ သတ်မှတ်ထားပြီး အဲဒီအဖွဲ့ကို သတင်းပေးနိုင်တဲ့သူကို ဆုကြေးငွေပေးမယ်လို့ တရားဝင် ထုတ်ပြန်ထားပေမယ့်လည်း ဒီနေ့အထိ ရေးဘီလူး အဖွဲ့သားတွေက စစ်ကောင်စီရဲ့ ဒေါက်တိုင်မှန်သမျှ တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။