Live
Home
မြန်မာသတင်း
စစ်တပ်က သွားလာခွင့်ပိတ်ပင်ထားသဖြင့် ဆွမ်ပီယန်ပြည်သူများ အခက်အခဲဖြစ်နေ
DVB
·
May 18, 2022

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွ ာပြည်သူတွေဟာ စစ်ကောင်စီတပ်က ရွာထိပ်မှာတပ်စွဲပြီး ရွာအလယ်မှာ စစ်ဆေးရေးဂိတ်ပြုလုပ်ကာ ရွာပတ်ဝန်းကျင် ၂ မိုင်ထက်ကျော်ပြီး သွားလာခွင့် ပိတ်ပင်တာတွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဆွမ်ပီယန်ကျေးရွာက ပြန်သူတွေဟာ တောင်ယာလုပ်ငန်းလုပ်ကိုင်သူတွေ ဖြစ်တာကြောင့် စစ်ကောင်စီတပ်သားတွေက စစ်ဆေးမေးမြန်းတာ၊ သွားလာခွင့်ပိတ်ပင်တာတွေကြောင့် ဝမ်းရေးအတွက် တောင်ယာလုပ်ငန်းတွေ လုပ်ကိုင်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရွာသားတဦးက ပြောပါတယ်။

“အခုက အရမ်းစစ်တယ်၊ တနေရာကို သွားမယ်ဆိုလည်း မေးတယ်၊ တောင်ယာ သွားမယ် ဆိုရင်လည်း ဘယ်နှယောက်သွားမှာလဲ၊ ဘယ်နှရက်ကြာမှာလဲ၊ ဘာသွားလုပ်မှာလဲနဲ့ စုံနေတာပဲ။ ပြီးတော့ ရွာပတ်လည် ၂ မိုင်ထက်ပိုပြီး သွားလို့မရဘူးတဲ့၊ တောင်ယာတွေက ရွာနဲ့ အဝေးကြီးမှာလေ၊ အဲဒီလိုဆိုတော့ သွားမလုပ်ရဘူး၊ ရွာနဲ့နီးတဲ့ တောင်ယာတွေပဲ လုပ်နေကြတာ၊ အခုက ထမင်းဟင်းချက်ဖို့ ထင်းမရှိရင်တောင် တောထဲသွားပြီ ထင်းခွေဖို့ ခက်နေတယ်။” 

ဆွမ်ပီယန်ကျေးရွာက ပြည်သူတွေဟာ ဖေဖော်ဝါရီ ၁ ရက်နေ့က ရွာပတ်ဝန်းကျင်တွေမှာဖြစ်တဲ့ တိုက်ပွဲတွေကြောင့် တောတောင်တွေမှာ ၂ လကျော် တိမ်းရှောင်နေခဲ့ရပြီး မတ် ၂၁ မှာ ဘာသာရေးခေါင်းဆောင်တွေ၊ WMR နဲ့ PCG တွေရဲ့ အကူအညီနဲ့ နေရပ်ပြန်ပြီး နေထိုင်နေတာပါ။

နေရပ်ပြန်ပြီး နေထိုင်နေပေမဲ့ တောင်ယာစိုက်ပျိုးဖို့အတွက် ခုတ်ထွင်ရှင်းလင်းတဲ့အချိန်တွေမှာ တိမ်းရှောင်နေရတာကြောင့် လာမယ့်နှစ် စားဝတ်နေရေးအတွက် အခက်အခဲ ဖြစ်လာနိုင်တယ်လို့ ရွာခံတဦးက ပြောပါတယ်။

“အများစုက တောင်ယာလုပ်ကြတာ၊ တောင်ယာစိုက်ဖို့ ခုတ်ထွင်ရှင်းလင်းမယ့်အချိန်မှာ တိုက်ပွဲကြောင့် ပြေးနေရတယ်၊ တောင်ယာခုတ်တာ နောက်ကျပါတယ်ဆိုမှ မိုးရွာတာက ပြန်စောနေတော့ မီးရှို့ဖို့က အဆင်မပြေ၊ အဲဒီအထဲ တောင်ရွာကို ပြန်သွားလို့မရဆိုတော့ ဒီနှစ် တောင်ယာတောင် စိုက်နိုင်မလား မသိတော့ဘူး၊ မစိုက်နိုင်ရင်တော့ နောက်နှစ် စားဝတ်နေရေး အတွက် အခက်အခဲတွေ ဖြစ်တော့မှာ” လို့ ပြောပါတယ်။

လက်ရှိအချိန် စစ်ကောင်စီတပ်သားတွေက ရွာထိပ်နဲ့ ရွယ်အလယ်မှာ တပ်စွဲထားဆဲဖြစ်တယ်လို့ သိရပါတယ်။

အခုတလော ရွာပတ်ဝန်းကျင်တွေ ပူတာအိုကနေ ဆင်းလာတဲ့ စစ်ကောင်စီတပ် အင်အား ၅ဝ ဝန်းကျင်က ရွာပတ်ဝန်းကျင်တွေမှာ သွားလာလှုပ်ရှားနေပြီး တိုက်ပွဲတွေ ပြန်လည်ဖြစ်ပေါ်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။

မေ ၁၇ ရက်နေ့ နေ့လယ် ၁ နာရီဝန်းကျင်က ပူတာအို-ဆွမ်ပရာဘွမ်လမ်းမပေါ် မိုင်ကထောင် ကျေးရွာနားမှာ မြစ်ကြီးနားက တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ကချင်လွတ်မြောက်ရေး တပ်မတော်သားတွေက စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ KIA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေကနေ သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024