ရုရှားတပ်တွေကို တိုက်ခိုက်နေတဲ့ ယူကရိန်းနိုင်ငံသားတွေကို နိုင်ငံတကာက အထောက်အပံ့တွေ ပေးအပ်နေသလို မြန်မာအာဏာသိမ်း အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကိုလည်း လက်နက်တပ်ဆင်ပေးဖို့ အမျိုးသားညီညွတ်ရေး အစိုးရ - NUG ရဲ့ ကာကွယ်ရေးဝန်ကြီးက နိုင်ငံတကာထံအကူအညီ တောင်းဆိုလိုက်ပါတယ်။
ယူကရိန်းပြည်သူတွေနဲ့ မြန်မာပြည်ကဒီမိုကရေစီ လိုလားသူတွေအားလုံးဟာ လွတ်လပ်ရေးအတွက် အသက်ပေး တိုက်ပွဲဝင်နေကြရတာဖြစ်ပေမယ့် လက်နက်အင်အား အပြည့်အစုံ တပ်ဆင်ထားတဲ့ မြန်မာစစ်တပ်ကို ခုခံတော်လှန်နေရသူတွေမှာ နိုင်ငံတကာ စည်းလုံးညီညွတ်မှုထက် လက်နက်တွေ ပိုလိုအပ်တယ်လို့ NUGကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
“မြန်မာနိုင်ငံအတွက် နိုင်ငံတကာ အသိုက်အဝန်းရဲ့ ရပ်တည်ချက်က ကျနော်တို့အတွက် စိတ်ပိုင်း ကိုယ်ကျင့်တရားဆိုင်ရာ ပံ့ပိုးကူညီမှုဖြစ်ပြီး အဲဒါအတွက် ကျေးဇူးတင်ကြောင်းနဲ့ လက်နက်နဲ့ ရန်ပုံငွေလိုမျိုး ရုပ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေ ရရင် ပိုကျေးဇူးတင်မိမှာပါ”လို့ NUG ဝန်ကြီး ဦးရည်မွန်က ရိုက်တာသတင်းဌာနကို သူ့လက်ရေးနဲ့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။
အဲဒီထောက်ပံ့မှု ရရင်တော့ ပြည်သူတွေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးမှုနည်းပြီး တော်လှန်ရေးကို မြန်မြန်အဆုံးသတ်နိုင်သွားမယ်လို့ ဆိုပါတယ်။
ဝန်ကြီး ဦးရည်မွန်ရဲ့ တောင်းဆိုချက်အပေါ် မှတ်ချက်ပေးဖို့ တောင်းခံထားတာကို ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးနဲ့ ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့တို့က ချက်ချင်း မတုံ့ပြန်သေးပါဘူး။ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူကလည်း NUG ကာကွယ်ရေးဝန်ကြီးရဲ့ ပြောဆိုချက်အပေါ် မှတ်ချက်ပေးဖို့ တောင်းဆိုချက်အပေါ် တုံ့ပြန်ခြင်း မရှိပါဘူး။
NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ အမေရိကန်ပြည်ထောင်စုကို တရားဝင် သွားရောက်ပြီး အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီးနဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး အပါအဝင် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရဲ့ မှတ်ချက်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အနောက်နိုင်ငံ မဟာမိတ်တွေဟာ အထူးစစ်ဆင်ရေးလို့ ပူတင်အစိုးရက ခေါ်ဆိုတဲ့ ရုရှားရဲ့ ကျူးကျော်မှုကို ပြန်လည်တွန်းလှန်ဖို့ ယူကရိန်းမှာရှိတဲ့ တိုက်ခိုက်ရေးသမားတွေကို လက်နက်တပ်ဆင်ပေးနေတာပါ။
မြန်မာပြည်မှာတော့ စစ်အာဏာရှင်ကို ခုခံတွန်းလှန်စစ်ပွဲဆင်နွှဲနေတဲ့ တော်လှန်ရေးအဖွဲ့တွေဟာ လက်နက်အင်အားတောင့်တင်းတဲ့ စစ်တပ်ကို တိုက်ခိုက်ဖို့အတွက် အများအားဖြင့် အပေါ့စားလက်နက်တွေ၊ အခြေခံသုံး ရိုင်ဖယ်တွေနဲ့ လက်လုပ်ဖောက်ခွဲရေးပစ္စည်းတွေကို သုံးနေရတာ ဖြစ်ပါတယ်။
မြန်မာစစ်တပ်ဟာ အရပ်သားပြည်သူတွေကို လက်နက်ကြီးတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ကုလသမဂ္ဂက အထောက်အထားတွေနဲ့ စွပ်စွဲထားတာပါ။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးကတည်းက မငြိမ်မသက်ဖြစ်နေပြီး တိုက်ပွဲတွေကြောင့် လူပေါင်း ၅၆၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
ကိုးကား- Reuters