မကွေးတိုင်း ပခုက္ကူမြို့က စစ်ကောင်စီတပ်တွေ လုံခြုံရေးယူထားတဲ့ မြဝတီဘဏ်ကို မေလ ၁၆ ရက်နေ့ည ၈ နာရီဝန်းကျင်က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Young Force -UG အဖွဲ့က ထုတ်ပြန်ပါတယ်။
ပခုက္ကူမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးတွေ တင်းကျပ်နေတဲ့အပြင် ဘဏ်တိုင်းမှာလည်း လုံခြုံရေးတွေ ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လုံခြုံရေးက ဘဏ်အရှေ့မှာ ဘန်ကာတွေဆောက်ပြီး စောင့်တာပါ၊ အင်အားသိပ်တော့မများဘူး။ ဘဏ်တိုင်းတော့ သူတို့လုံခြုံရေးချတယ်၊ ၄ ယောက်လောက်တော့ အနည်းဆုံးအမြဲရှိတယ်။ သူတို့တပ်စွဲတဲ့ ဧရာဝတီဘဏ်ဆို များတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
မြဝတီဘဏ်က ပခုက္ကူမြို့ အမှတ် ၇ မှာရှိပြီး ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
“မနေ့ည အဲဒီအချိန်က မိုးတွေရွာပြီး မိုးတွေခြိမ်းနေတာ အသွားအလာသိပ်မရှိတော့ဘူး။ သူတို့ ရမ်းပစ်တာပဲရှိတာ၊ မိုးတွေရွာနေတော့ သူတို့လည်း ရမ်းထုရုံပဲ” လို့ ဒေသခံတဦးက ပြောပါတယ်။
မြဝတီဘဏ်မှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သားတွေကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲခဲ့တာကြောင့် ထိခိုက်မှုတွေ ရှိနိုင်တယ်လို့ Young Force UG က မေလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။