အခုနှစ် ရာသီ ပဲအထွက် နည်းလို့ နိုင်ငံခြားတင်ပို့မှုပမာဏ တန်ချိန် ၃ သိန်းလောက် လျော့နည်းခဲ့သလို ပဲတင်ပို့မှုက ရတဲ့ ငွေပမာဏလည်း အမေရိကန်ဒေါ်လာ သန်း ၂၀၀ လောက် နည်းနေသေးတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။
မတ် ၁၆ ရက်နေ့က ရန်ကုန် မင်းရဲကျော်စွာလမ်း ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံးမှာ ကျင်းပတဲ့ ပဲမျိုးစုံနဲ့ နှမ်းကုန် သည်များရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၂ - ၁၃ ဘဏ္ဍာရေးနှစ်က ပြည်ပကို ပဲမျိုးစုံ တန်ချိန် ၁ သန်းခွဲကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ရခဲ့ပါတယ်။
အခုနှစ်မှာတော့ ပဲမျိုးစုံ တန်ချိန် ၁ ဒဿမ ၁ သန်း တင်ပို့ခဲ့ပြီး ဒေါ်လာ သန်း ၈၀၀ လောက်ပဲ ရပါသေးတယ်။
မြန်မာနိုင်ငံ ပြည်ပတင်ပို့ကုန်တွေမှာ ပဲမျိုးစုံတင်ပို့မှုက ရငွေပမာဏဟာ ထိပ်ဆုံး ကုန်စည် အမယ် ၁၀ မျိုးထဲမှာ ပါဝင်နေတဲ့အတွက် ပြည်တွင်းမှာလည်း ဈေးကစားမှုတွေကြောင့် ပြည်ပ တင်ပို့မှု မထိခိုက်အောင် သတိထားကြဖို့ ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းခဲ့ပါတယ်။