Live
Home
မြန်မာသတင်း
လောင်းလုံးမြို့နယ်၌ စွန်ရဲအမည်ခံ ပျူစောထီးအဖွဲ့ဝင်များ စီးနင်းလာသည့်ကား တိုက်ခိုက်ခံရ
DVB
·
May 17, 2022

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ သဗျာကျေးရွာအနီး ထားဝယ်-လောင်းလုံး ကားလမ်းမပေါ်မှာ မေလ ၁၇ ရက်၊ နေ့လယ် ၁ နာရီခွဲလောက်က စွန်ရဲအမည်ခံ ပျူစောထီးအဖွဲ့ဝင်တွေ စီးနင်းလာတဲ့ ကားတစီး ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်မှုရှိနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။ 

လောင်းလုံးမြို့ခံတဦးကတော့ "ပစ်ခံရတာက လောင်းလုံးရဲစခန်းကို ဝင်လာတုန်း လမ်းမှာပစ်ခံရတာ၊ ပျူစောထီးတယောက် သေတယ်လို့တော့ကြားရတယ်၊ ပစ်ခံရပြီးတာနဲ့ လောင်းလုံးမြို့ပေါ်မှာတော့ ပျူစောထီးတွေရော ရဲတွေရော ပျာယာခတ်နေတာပဲ"လို့ ပြောပါတယ်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ အဲဒီပစ်ခတ်တိုက်ခိုက်မှုကို သူတို့တပ်ဖွဲ့နဲ့ Dawei Defense Team (DDT) တပ်ခွဲ(၃)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှုကြောင့် ပျူစောထီးအဖွဲ့ဝင်တယောက် ကားပေါ်ကနေ ပြုတ်ကျသွားတာ မြင်တွေ့ခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပစ်ခတ်တိုက်ခိုက်ခံရတဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ လောင်းလုံးမြို့နဲ့ ၅ မိုင်လောက်ဝေးတဲ့ ပန္ဒလဲကျေးရွာမှာ စခန်းချနေထိုင်ကြတဲ့အဖွဲ့တွေဖြစ်ကြပြီး အင်အား ၁၅ ယောက် ရှိတယ်လို့လည်း သိရပါတယ်။

အဆိုပါ စွန်ရဲအမည်ခံ ပျူစောထီးအဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်းက ပန္ဒလဲရွာခံ ပြည်သူ ၄ ယောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့အပြင်  ကျေးရွာအတွင်း ရမ်းကားနေလို့ လက်ရှိအချိန်ထိ ရွာခံပြည်သူအများစု နေအိမ်စွန့်ခွာ တိမ်းရှောင်နေကြရပါတယ်။

မေ ၁ ရက်ကလည်း ပန္ဒလဲကျေးရွာအတွင်း အဆိုပါ စွန်ရဲအမည်ခံ ပျူစောထီးအဖွဲ့ဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိခဲ့ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024