Home
မြန်မာသတင်း
နတ်တလင်းမြို့နယ် ညောင်လေးပင်ကျေးရွာတွင် မိုင်းနင်းမိပြီး ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ
DVB
·
May 17, 2022

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ထဲက ညောင်လေးပင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ပြန်ဆုတ်ခွာသွားတာကြောင့် တိမ်းရှောင်နေကြတဲ့ ဒေသခံတွေ အစားအသောက် ဝင်ယူကြရာမှ မိုင်းနင်းမိပြီး ၁ ယောက် သေဆုံး၊ ၂ ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေဟာ မေ ၁၆ ရက်နေ့ မနက် ၁၀ နာရီလောက် ညောင်လေးပင်ကျေးရွာ နေအိမ်တွေထဲကနေ အစားအသောက်၊ ဆန်နဲ့ လိုအပ်တဲ့ ကုန်ခြောက်တွေကို ဝင်ယူရာမှာ ဈေးဆိုင်တခုအတွင်း ထောင်ထားတဲ့မိုင်း နင်းမိတာလို့ ဆိုပါတယ်။

“ကျနော်တို့ကလည်း တောထဲမှာ ရက်ကြာလာတော့ာ စားဖို့က မရှိတော့ဘူးလေ။ ဒါကြောင့် ရွာထဲမှာရှိတဲ့ ဈေးဆိုင်မှာ ရှိနေတဲ့   ဆန်၊ ဆီ၊ ဆား၊ ငါးပိ၊ ငါးခြောက်၊ အချို့မှုန့်တွေ ၀င်ယူကြတာ။ ကျနော်တို့ကို  ဘေးကနေ PDF တွေက ကာပေးထားလို့ သွားယူရဲတာ၊ အခုတော့ အဲဒီလိုတွေ ဖြစ်ကုန်ပြီ။ မိုင်းက တခြားနေရာတွေမှာလည်း ထောင်ထားသွားနိုင်သေးတယ်။ PDF တွေကတော့ ရွာထဲကို ထပ်မ၀င်ကြဖို့ သတိပေးထားတယ်။”

မိုင်နင်းမိပြီး သေဆုံးသွားသူမှာ ညောင်လေးပင်ရွာသား ကိုအောင်မြင့်ဖြစ်ပြီး ဒဏ်ရာရသူ ၂ ဦးကတော့ အခြေအနေ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

မိုင်ကွဲသံကြားပြီး ကွေ့ကြီးရွာကနေ ပြန်တက်လာကြတဲ့ စစ်ကောင်စီတပ်တွေကို ကွေ့ကြီးနဲ့ ညောင်လေးပင် ရွာနှစ်ရွာ ကြားကနေ PDF တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ  စစ်ကောင်စီဘက်က ၄ ယောက်လောက် ကျသွားတယ်လို့ နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာ၀န်ရှိသူတဦးက ပြောပါတယ်။

ညောင်လေးပင်ကျေးရွာကို ပြီးခဲ့တဲ့ မေ ၁၂ ရက်နေ့ကတည်းက စစ်ကောင်စီတပ်တွေ ဝင်ရောက် တပ်စွဲနေထိုင်တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့မတ်လဆန်းကလည်း စစ်ကောင်စီတပ်တွေ စခန်းချနေထိုင်တဲ့ ပေါင်းတည်မြို့နယ် လဲပင်ကျေးရွာကနေ ပြန်လည်ဆုတ်ခွာသွားတာကြောင့် မတ် ၁၀ ရက်နေ့မှာ ဒေသခံ PDF တပ်ဖွဲ့က မိုင်းတလုံး သွားရောက်ရှင်းလင်းပေးခဲ့ရပြီး မိုင်းတွေ ကျန်နေသေးတာကြောင့် ဒေသခံတွေ ရွာထဲမ၀င်ဖို့ ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အမိန့်ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ကွေ့ကြီးကျေးရွာမှာ အထိုင်ချထားပြီး အင်အား ၂၀ ထပ်မံတိုးချဲ့ထားတာကြောင့် ညောင်လေးပင်ကျေးရွာနဲ့ ကွေ့ကြီးကျေးရွာတွေကို မဝင်ကြဖို့ PDF တပ်ဖွဲ့တွေက အမိန့်ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024