Home
ဆောင်းပါး
ရွေ့လာတဲ့ NUG နဲ့ မြန်မာ့အရေး လေးလေး မှန်မှန်
DVB
·
May 17, 2022

အမေရိကန်-အာဆီယံ ခေါင်းဆောင်တွေရဲ့  အထူးထိပ်သီးအစည်းအဝေးကို မေလ ၁၂ နဲ့ ၁၃ ရက်နေ့တို့မှာ ကျင်းပ ပြီးစီးခဲ့တယ်။ ဒီအစည်းအဝေးဟာ ဝါရှင်တန်မှာ အာဆီယံခေါင်းဆောင်တွေ တစုတစည်းတည်း  တွေ့ဆုံတာ ပထမဆုံးဖြစ်သလို အမေရိကန်သမ္မတက အိမ်ရှင်အဖြစ် ဧည့်ခံတဲ့ ပထမဆုံးအကြိမ် ထိပ်သီးအစည်းအဝေးလည်း ဖြစ်တာကြောင့် သမိုင်းဝင်အစည်းအဝေးလို့ အလေးအမြတ်ပြုကြတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အမေရိကန်-အာဆီယံ ဆက်ဆံရေး ခေတ်သစ်ကို ရောက်လာပြီဖြစ်ကြောင်း ပြောကြားလိုက်ခြင်းကလည်း ပိုလေးနက်စေခဲ့တယ်။ အဲဒီ သမိုင်းဝင်အစည်းအဝေးမှာ ခွေးကတက်ကနေ ပြည်သူမပေးတဲ့ အာဏာပလ္လင်ပေါ် ကုတ်ကပ် တက်နေတဲ့ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ မပါပါဘူး။

အာဆီယံ ခေါင်းဆောင်တွေနဲ့ ထိပ်သီးအစည်းအဝေး မကျင်းပခင် တရက်အလိုမှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ဝါရှင်တန်မြို့တော်မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အဲဒီအစည်းအဝေးမှာ NUG၊ NUCC စတဲ့ အဖွဲ့အစည်းတွေ အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်း အားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့နဲ့ မြန်မာနိုင်ငံအတွက် အကူအညီပေးရေးကိစ္စတွေမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်ဖို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့တယ်လို့ သိရတယ်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ တိုက်တွန်းမှုအပေါ် တခြားအာဆီယံနိုင်ငံတွေက ဘယ်လို တုံ့ပြန်ကြသလဲဆိုတာ သတင်းတွေက မဖော်ပြလေတော့ အာဆီယံစတိုင်အတိုင်း ဟက်ဟက်ပက်ပက် တုံ့ပြန်ကြပုံမပေါ်ဘူးလို့လည်း တွေးနိုင်တယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးက Benar News နဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ အခုလို ဆက်ပြောတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ရွေးချယ်တင်မြှောက်ခံထားရတဲ့ အစိုးရအဖွဲ့အဖြစ် ထိတွေ့ဆက်ဆံဖို့ အရေးကြီးတဲ့အကြောင်း အခက်အခဲအမျိုးမျိုးကြား ရပ်တည်နေတဲ့ မြန်မာပြည်သူတွေကို အားပေးဖို့လိုတဲ့အကြောင်း။ ဒါဟာ နွေဦးတော်လှန်ရေး အတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတနိုင်ငံရဲ့ အတိအလင်း ထောက်ခံမှုဖြစ်တဲ့အတွက် အင်မတန် ကျေနပ်စရာကောင်းလှတယ်။

အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့အတူ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အဖွဲ့ကလည်း ဝါရှင်တန်ကို ရောက်နေတယ်။ ရောက်နေတယ်ဆိုတာက အမေရိကန်အစိုးရက ဖိတ်လို့ ရောက်လာတာပါ။ ထိပ်သီးအစည်းအဝေးကျင်းပတဲ့နေ့မှာ အမေရိကန် နိုင်ငံခြားရေး ဒုဝန်ကြီး ရှားမန်းက ဒေါ်ဇင်မာအောင်ကို ဝါရှင်တန်မှာ လက်ခံတွေ့ဆုံခဲ့တယ်။

တွေ့ဆုံမှုအပြီး ဖတ်ရတဲ့ ထုတ်ပြန်ချက်ကတော့ ကြားဖူးနေကျအတိုင်းပါပဲ။ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်နိုင်ဖို့ ငြိမ်းချမ်းစွာ ကြိုးပမ်းနေကြသူအားလုံးကို ဆက်ပြီး ထောက်ခံ ကူညီသွားမယ်လို့ ကတိပြုတဲ့အကြောင်း မြန်မာနိုင်ငံအကျပ်အတည်းကို ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာနိုင်ဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ အာဆီယံ အပါအဝင် အခြားမိတ်ဖက်နိုင်ငံတွေနဲ့ အတူ နီးနီးကပ်ကပ် လက်တွဲဆောင်ရွက်သွားမယ့်အကြောင်း။ ပြောရရင် အမေရိကန်ဟာ မြန်မာ့အရေး ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာရေး အိပ်မက်ကိုသာ ဆက်လက် ယုံကြည်နေဆဲဖြစ်ကြောင်း  ထပ်လောင်းအတည်ပြုတဲ့သဘော။ ပြီးတော့ အမေရိကန်အစိုးရဟာ စစ်အုပ်စုကို ပစ်ပယ်ရုံတင်မက NUG နဲ့ ထိတွေ့ဆက်ဆံမှုကို ထပ်ချဲ့ထွင်တော့မှာဖြစ်ကြောင်း ဝါရှင်တန် ရောက်နေတဲ့ အာဆီယံခေါင်းဆောင်တွေကို အလေးအနက် အသိပေးလိုက်တဲ့သဘော။ အဲဒီလို သံတမန်ရေး တွန်းတိုက်ဖိအားတွေ၊ အရေးယူ ပိတ်ဆို့မှုတွေနဲ့သာ ဖြည်းဖြည်းချင်း အရှိန်ယူ ရွေ့လိုတဲ့သဘောလည်း ဖြစ်တယ်။

မေလ ၁၂ ရက် နေ့လယ်ပိုင်းမှာ ဒေါ်ဇင်မာအောင် ဝါရှင်တန်ဒီစီမြို့တော်က RFA ရုံးချုပ်ကို လာရောက်ပြီး သီးသန့်အင်တာဗျူးပေးစဉ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို နိုင်ငံခြား တိုင်းပြည်တစ်ခုက လာရောက်တဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ပြီး အမေရိကန်အစိုးရက လုံခြုံရေး တာဝန်ယူထားတာ တွေ့ရတယ်လို့ သတင်းဖော်ပြခဲ့တယ်။

ပြောရရင် NUG အစိုးရရဲ့ ဒီတစ်ခါ လှမ်းလိုက်နိုင်တဲ့ သံတမန်ရေးခြေလှမ်းက နည်းနည်းတော့ တာသွားခဲ့ပုံပါပဲ။ အနာဂတ်ကို ဆက်အိပ်မက်မက်ချင်စရာ၊ ကိုယ့်ကိုယ်ကိုယ် ပိုမိုစိတ်ချယုံကြည်စေတဲ့ ခြေလှမ်းမျိုး။

အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးအပြီး အချက် ၂၇ ချက်ပါတဲ့ ပူးတွဲကြေညာချက်ထဲမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အချက် တချက် ပါဝင်ခဲ့တယ်။ မြန်မာ့အရေး ထုတ်ပြန်ချက်ထဲမှာ အထပ်ထပ်အခါခါ ကြားဖူးပြီးဖြစ်တဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်၊ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေး။ လက်ရှိ မြန်မာနိုင်ငံအကျပ်အတည်းကို အလွန်အမင်း စိုးရိမ်မိ။ ထူးခြားချက်အနေနဲ့ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အချိန်မီ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ တောင်းဆိုကြောင်း။

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အချိန်မီဆောင်ရွက်ဖို့ ဆိုတာ အရင်တစ်ခါမှမကြားခဲ့ဖူးတဲ့ အချက်တစ်ချက် ဖြစ်သလို လတ်တလော တိတိကျကျ အဓိပ္ပာယ်ဖွင့်ဆိုဖို့ရာ ခက်လှပါတယ်။ မူ ၅ ရပ်ကို အချိန်မီ ဆောင်ရွက်ဖို့ဆိုတာ ဘာကို ဆိုလိုပါသလဲ။ အချိန်မီလို့ပြောရအောင် အာဆီယံမူ ၅ ရပ်ကို ဘယ်အချိန် နောက်ဆုံးထား ဖော်ဆောင်ရမယ်ဆိုတဲ့ အချိန်ကာလသတ်မှတ်ချက် ဒီနေ့အထိ မရှိပါဘူး။

ဆိုတော့ ဘာကို အချိန်မီရမှာပါလဲ။ အချိန်မီ ဆိုတဲ့ စကားလုံးကို သုံးနှုန်းလာတာကြောင့် မူ ၅ ရပ် ဖော်ဆောင်ရေးနဲ့ပတ်သက်ပြီး အချိန်ကာလ သတ်မှတ်ချက်တစ်ခု ထွက်ပေါ်လာဖို့ ရည်ရွယ်နေသလားလို့လည်း ထပ်တွေးရပါမယ်။

အကြမ်းဖက်စစ်အုပ်စုကတော့ အချိန်ကာလသတ်မှတ်ချက် မရှိ၊ စစ်ခေါင်းဆောင်တွေကို အာဆီယံ ထိပ်သီးအစည်းအဝေး တက်ခွင့်မပြုတာကလွဲ ဘယ်လို အရေးယူမှုမျိုးမှ မရှိတဲ့ အာဆီယံမူ ၅ ရပ်ကို တစ်နှစ်ကျော် အဖက်မလုပ် အာခံနေရုံတင်မက ပြည်သူအပေါ် အကြမ်းဖက်မှုမျိုးစုံကို အရှိန်မြှင့် ဆောင်ရွက်နေဆဲပါပဲ။ ပိုဆိုးတာက အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး ကျင်းပနေတဲ့ မေ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့တို့မှာလည်း စစ်ကိုင်းတိုင်းအတွင်းရှိ ခင်ဦး၊ ရေဦး စတဲ့ မြို့နယ်တွေမှာ ပြည်သူတွေအပေါ် အကြမ်းဖက်သတ်ဖြတ်မှုနဲ့ ရွာတွေ မီးလောင်တိုက်သွင်းတာကို အစဉ်အလာမပျက် ပြုလုပ်နေခြင်းနည်းနဲ့ အမေရိကန်-အာဆီယံ အစည်းအဝေးကို စိန်ခေါ်ခဲ့ပါတယ်။ မင်းတို့ဘာသာ ဘာလုပ်လုပ် ဂရုမစိုက်ဘူးဆိုတဲ့ သဘော။

အဲဒီလို ဂရုမစိုက်ရင်းနဲ့ပဲ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ NUG နိုင်ငံခြားရေးဝန်ကြီးတို့ ဝါရှင်တန်မှာ တွေ့ဆုံခန်းကို မင်းအောင်လှိုင်တစ်ယောက် အံကြိတ်ကြည့်နေရုံကလွဲ ဘာမှ မတတ်နိုင်ခဲ့ဘူး။ ဒေါ်ဇင်မာအောင်ရဲ့အဆိုအရ ထုတ်ဖော်ပြောကြားခြင်းမရှိတဲ့ တခြား အာဆီယံနိုင်ငံ တချို့က နိုင်ငံခြားရေးဝန်ကြီးတွေနဲ့လည်း  တွေ့ခဲ့တယ်လို့ သိရတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခုအချိန်ထိ မင်းအောင်လှိုင် ဂရုမစိုက်ဘဲ နေလို့ရနေသေးတာကလည်း သေချာတယ်။ နိုင်ငံတကာနဲ့ အာဆီယံရဲ့ ဖိအားဟာ အရေးပေါ်အကူအညီလိုအပ်နေတဲ့ မြန်မာ စစ်ပြေးဒုက္ခသည်များစွာရဲ့လက်ထဲ ဆန်တဘူးတလေတောင် မဖြန့်ဝေပေးနိုင်သေးဘူးဆိုတာ ငြင်းလို့မရတဲ့ရလဒ် ဖြစ်သလို မင်းအောင်လှိုင် သဘောမတူဘဲ ဘာမှမလုပ်ဘူးလို့ မပြောရုံတမယ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ ကမ္ဘောဒီးယားရဲ့ တတ်နိုင်သမျှ ဖေးမမှုကို ဒီနှစ်ကုန်အထိ ရရှိမှာကလည်း သေချာပါတယ်။

အခုမြန်မာ့အရေးနဲ့ပတ်သက်ပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီး အဆိုပြုထားတဲ့ထဲက အနိမ့်ဆုံး ဖြစ်တဲ့  မြန်မာအတွက် လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စကို နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပါဝင်မှု၊ ကုလသမဂ္ဂရဲ့ ကြီးကြပ်မှုအောက်ကနေ ဖော်ဆောင်ခွင့်ရရေးဆိုတာ မင်းအောင်လှိုင် သဘောတူတာ၊ မတူတာက တပိုင်း၊ အာဆီယံမှာ သဘောတူညီချက်ရဖို့ ဆိုတာတောင် မလွယ်သေးပါဘူး။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ နိုင်ငံရေးအဆိုပြုချက်ဖြစ်တဲ့ NUG၊ NUCC စတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေးဆိုတာ အာဆီယံမူ ၅ ရပ်နဲ့ အကျုံးဝင်ပေမဲ့ အာဆီယံဟာ ဒီနေ့ အချိန်ထိ သူတို့ကိုယ်တိုင်ချမှတ်ခဲ့တဲ့ အာဆီယံမူ ၅ ရပ်နဲ့အညီ နိုင်ငံရေးထိတွေ့ဆက်ဆံမှုတွေ မလုပ်ရဲသေးပါဘူး။ ဘာလို့ မလုပ်ရဲတာလဲဆိုတော့ မင်းအောင်လှိုင် ငြိုငြင်မှာစိုးလို့ပါပဲ။ မင်းအောင်လှိုင် ငြိုငြင်ခဲ့ရင် အာဆီယံမူ ၅ ရပ်ကို ဘယ်လိုမှ ဖော်ဆောင်နိုင်မှာမဟုတ်ဘူးဆိုတဲ့ အမြင်ဟာ ဒီနေ့အာဆီယံအပေါ် ကောင်းကောင်ခြယ်လှယ်နေဆဲပါပဲ။ ပြောရရင် အာဆီယံဟာ ကိုယ် ချထားတဲ့မူကို ကိုယ်ဘာသာ ဆင်ခြေကောင်းကောင်းပေးပြီး ချိုးဖောက်နေဆဲပါ။

အာဆီယံမူ ၅ ရပ် သက်တမ်းတစ်နှစ်ကျော်ဆိုတဲ့အချိန်မှာ မြန်မာပြည်သူတွေရဲ့အသက် မင်းအောင်လှိုင် လက်ချက်နဲ့ ထောင်ချီ ကျဆုံးခဲ့ပြီးပါပြီ။ အခုတစ်နှစ်ကျော်အတွင်း မျက်မြင်တွေအရ မူ ၅ ရပ်ကို မင်းအောင်လှိုင် လုံးဝမဖော်ဆောင်ဘူးဆိုတာ စိတ်ချလက်ချ ယုံကြည်လို့ ရနေပါပြီ။ အခုအချိန်ဟာ အာဆီယံအနေနဲ့ NUG၊ NUCC တို့နဲ့ ထိတွေ့ဆက်ဆံရုံတင်မက မူ ၅ ရပ်ကို လုပ်မှာလား၊ မလုပ်ဘူးလားလို့ မင်းအောင်လှိုင်ကို တည့်တည့်မေးရမယ့်အချိန် ရောက်နေပါပြီ။ ဒါပေမဲ့ အာဆီယံယန္တရားကြီးဟာ ၂၀ ရာစုခေတ် စက်ရုံဟောင်းကြီးပမာ ပျင်းရိပျင်းတွဲ လည်ပတ်နေဦးမှာပါပဲ။

အခုဆောင်းပါးကို ချုပ်ရရင် NUG အစိုးရဟာ သံတမန်ရေး အဆင့်သစ်တစ်ခုဆီ လှမ်းတက်လိုက်နိုင်ပြီး အနာဂတ်အတွက် ခွန်အားသစ်တွေနဲ့ ကြွားဝင့်လာတာ မှန်ပေမဲ့ နိုင်ငံတကာနဲ့ အာဆီယံရဲ့ မြန်မာ့အရေး တရွေ့ရွေ့ ဆိုတဲ့ အထိုင်ကတော့ မပြောင်းလဲလာပါဘူး။

ဒါကို နောက်တစ်မျိုး ဘာသာပြန်ရရင် ကျနော်တို့ရဲ့ ကိုယ့်အားကိုယ်ကိုး စိတ်ဓာတ်ကို အခုထက် နှစ်ဆ  ဆက်လက်မောင်းတင်ရမယ် ဆိုတာပါပဲ။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024