စစ်ကိုင်းတိုင်း ကသာနဲ့ ကနီမြို့နယ်တို့မှာ မေ ၁၅ ရက်က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ကသာမြို့နယ် သာဂရကျေးရွာအနီးမှာ မေ ၁၅ ရက် မနက်ပိုင်းက အင်အား ၅၀ ကျော်ရှိ စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မနက် ၇ နာရီလောက် စစ်တပ်က ၅၀ ကျော်လောက်ရှိတယ် ထီးချိုင့်ဘက်ကနေ တက်လာတာ။ သာဂရနဲ့ အင်းကျေးရွာကြားမှာ မိုင်းထောင်ထားတယ်။ အဲ့ဒီနေရာဖြတ်တုန်း မိုင်းငါးလုံး လေါက်ကွဲတယ်။ စစ်တပ်က မိုင်းပေါက်ကွဲလို့ သေတာတွေကော ထိခိုက်ဒဏ်ရာရတာတွေကော ရှိတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရအပြီး စစ်ကောင်စီတပ်က ပစ်ခတ်တာတွေ ပြုလုပ်ခဲ့ပြီးနောက် သေဆုံးဒဏ်ရာရသူတွေကို ထီးချိုင့်မြို့နယ်ဘက် သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကို ကသာခရိုင် PDF တပ်ရင်း-၃ (ကသာတပ်ခွဲ) နဲ့ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ညောင်ခြေထောက်တိုက်နယ်တပ်ခွဲ)တို့ပူးပေါင်း ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဝပ်ဖွဲ့ဝင် ၄ ဦးထက်မနည်းသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ကနီမြို့နယ်၊ မင်မရွာနဲ့ သင့်ဝင်ကျေးရွာကြား ပြည်တော်သာကန်အနီးမှာ ယာယီစခန်းချနေတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက မေ ၁၅ ရက်နေ့ညနေ ၄ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်လို့ MRDA တပ်ဖွဲ့က ပြောပါတယ်။
MRDA တာဝန်ရှိသူ ဗိုလ်နဂါးက “”ကျနော့်အဖွဲ့တွေက ဒီစစ်ကောင်စီတွေနောက်ကို မနက်ခင်းကတည်းက ချဉ်းကပ်နေတယ်။ ညနေပိုင်းရောက်နေ မင်မရွာနဲ့ အနောက်တောင်ဘက်ထန်းတောထဲတွေ ရောက်တော့ ဒီကောင်တွေ ယာယီစခန်းချပြီး ထန်းရေသောက်တယ်။ ခရီးပန်းလာတာကြောင့် ဒီကောင်တွေ တချို့က ကင်းချပြီး တချို့အိပ်နေတယ်။ အဲဒါကို အခွင့်ကောင်းရယူပြီး ဒေသခံလမ်းပြတဦး အပါအဝင် ကျနော်အဖွဲ့ ၁၉ နဲ့ အလစ်ဝင်တိုက်ခဲ့တယ်။ တိုက်တာကလည်း သူတို့ကင်းကိုကျော်ပြီး အနီးကပ်မီတာ ၁၅၀ အထိ ချဉ်းကပ်ပြီး အလစ်ဝင်ရောက်နိုင်ခဲ့တယ်။ လက်နတ်ကြီး ၁၃ လုံး လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်နိုင်ခဲ့တယ်။ စစ်ကောင်စီတပ်ဘက်ကတော့ ၁၅ ဦးထက်မနည်း ကျဆုံးမယ်ဗျ။ ကျနော်တို့ဘက်ကတော့ အကျဆုံးအထိခိုက်မရှိခဲ့ပါဘူး။”
ကနီမြို့နယ် မင်မရွာတိုက်ပွဲမှာ MRDA/KUG/CRA/KLG/DRPA စတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ကသာနဲ့ ကနီမြို့နယ် တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့က ထိခိုက်ကျဆုံးမှုအခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။