ရေအရင်းအမြစ်ထိန်းသိမ်းရေး တရုတ်အစိုးရက အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံဖိုး ရင်းနှီးမြှုပ်နှံ

၂၀၂၂ ခုနှစ်ရဲ့ ပထမ လေးလအတွင်း ရေထိန်းသိမ်းမှုဆိုင်ရာပံ့ပိုးမှု အင်္ဂါရပ်တွေအတွက် တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံဖိုး ရှိနေပြီး ဒါဟာ တနှစ်ကို ၄၅ ဒသမ ၅ ရာခိုင်နှုန်း တိုးလာတာလို့ တရုတ် ရေ အရင်းအမြစ် ဝန်ကြီးဌာန သတင်းအချက်အလက် တွေက ပြသထားပါတယ်။

ဇန်နဝါရီလကနေ ဧပြီလအတွင်း အကြီးစား ရေအရင်းအမြစ် ထိန်းသိမ်းရေး စီမံကိန်း ၉ ခုအတွက် ဆောက်လုပ်ရေး စီမံကိန်းတွေ စတင်ခဲ့လို့ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ယွမ်ငွေ ၃၀ ဘီလီယံ ကျော်ခဲ့တယ်လို့ ဆိုပါတယ်။

ကျေးလက်ပြည်သူ ၆ ဒသမ ၆၆ သန်းကျော် အကျိုးရှိစေဖို့ ကျေးလက် ရေဖြန့်ဖြူးရေး စီမံကိန်း ဆောက်လုပ်ရာမှာ ယွမ်ငွေ ၂၀ ဒသ ၂ ဘီလီယံ  ရင်းနှီးမြှုပ်နှံခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံမှာ ဒီနှစ်အတွင်း အကြီးစား ရေအရင်းအမြစ် ထိန်းသိမ်းရေး စီမံကိန်းအသစ် စုစုပေါင်း ၃၀ ကို စတင် တည်ဆောက်မှာပါ။ ဒါကြောင့် ရေအရင်းအမြစ် ထိန်းသိမ်းရေး စီမံကိန်းတွေအတွက် တနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ပမာဏက ယွမ်ငွေ ဘီလီယံ ၈၀၀ကျော်မယ်လို့ ဝန်ကြီးဌာနက ဆက်ပြောပါတယ်။

အကြီးစား စိုက်ပျိုးရေးခရိုင်တွေမှာ စိုက်ပျိုးရေး ထိရောက်မှုနဲ့ ကောက်ပဲသီးနှံ ထုတ်လုပ်မှု တိုးတက်စေဖို့ ခေတ်မီရေးအတွက် ယွမ်ငွေ ၁၉ ဘီလီယံ ရင်းနှီးမြှုပ်နှံမှာလည်း ဖြစ်ပါတယ်။

ဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာဌာနတွေဟာ ဒေသန္တရအစိုးရတွေအတွက် အထူးရည်ရွယ်တဲ့ ငွေချေးစာချုပ်တွေ၊ ဘဏ္ဍာရေးနဲ့ လူမှုရေးအရင်းအနှီးတွေ အပါအဝင် ဘဏ္ဍာရေးလမ်းကြောင်းတွေ တိုးမြှင့်ဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ရိုက်တာသတင်းဌာနက ရေးသားဖော်ပြပါတယ်။

//
More News
Up