လိင်တူနှစ်သက်သူဖြစ်ကြောင်း အင်္ဂလန်လူငယ်တိုက်စစ်မှူး ဂျိတ်ဒယ်နီရယ် ဝန်ခံ

လိင်တူနှစ်သက်သူတစ်ဦး ဖြစ်တယ်လို့ အင်္ဂလန်ချန်ပီယံရှစ်ကလပ် ဘလက်ပူးလ်အသင်း လူငယ်တိုက်စစ်မှူး ဂျိတ်ဒယ်နီရယ်က အတိအလင်း ဝန်ခံစကားဆိုခဲ့ပါတယ်။ 

အသက် ၁၇ နှစ်ပဲရှိ သေးတဲ့ တိုက်စစ်မှူး ဂျိတ်ဒယ်နီရယ်ဟာ အခုနှစ်ရာသီကမှ အသင်းကြီးနဲ့အတူ လေ့ကျင့်ခန်းဆင်းခွင့်ရရှိခဲ့ပြီးနောက် မေလ ၇ ရက်က ကစားခဲ့တဲ့ ပီတာဘရော့နဲ့ပွဲစဉ်မှာ လူစားဝင်ကစားခွင့် ရခဲ့ပါတယ်။ 

လက်ရှိကစားနေဆဲ ဗြိတိန်ဘောလုံးသမားတွေထဲမှာတော့ လိင်တူနှစ်သက်သူဖြစ်ကြောင်း ပထမဆုံးအကြိမ် ဖွင့်ဟဝန်ခံခဲ့သူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ 

လိင်တူနှစ်သက်သူ ဖြစ်တယ်ဆိုတာကို ဘယ်လို ထုတ်ဖော်ပြောဆိုရမလဲဆိုတာ အမြဲတမ်းစ ဉ်းစားခဲ့ပြီး လက်ရှိအချိန်က ထုတ်ဖော်ပြောဆိုဖို့ အချိန်ကောင်းဖြစ်တယ်လို့ ယူဆခဲ့တာလို့ ဒယ်နီရယ်က ပြောပါတယ်။ 

“ဒီနှစ်က အလွန်ရူးသွပ်စရာကောင်းတဲ့ ရာသီပဲ။ ကျနော့်အသက် ၁၇ နှစ်ရှိလာပြီး ပရော်ဖက်ရှင်နယ်စာချုပ်လည်း ချုပ်ပြီးပြီ။ ဒီရာသီမှာ သွင်းဂိုး ၃၀ သွင်းယူနိုင်ခဲ့သလို အသင်းကြီးမှာလည်း လူစားဝင်ပြီး ပထမဆုံးအကြိမ် ကစားခွင့်ရခဲ့တယ်။ ကျောင်းမှာတုန်းက မိန်းကလေးသူငယ်ချင်းထားပြီး ကျနော့်ကို ပုံမှန်ယောက်ျားလေးတဦးလို့ ထင်အောင် အသင်းဖော်တွေကို လှည့်စားခဲ့ဖူးပေမဲ့ ဒါမျိုးက စိတ်ဒုက္ခရောက်ရပါတယ်။ လိင်တူနှစ်သက်သူ ဖြစ်တယ်ဆိုတာကို ထုတ်ဖော်ပြောလိုက်တာဟာ မှန်ကန်တယ်လို့ ခံစားမိပါတယ်” လို့ ဂျိတ်ဒယ်နီရယ်က ပြောပါတယ်။ 

ဗြိတိန်ဘောလုံးလောကမှာ လိင်တူနှစ်သက်သူဖြစ်တယ်လို့ ပထမဆုံးအကြိမ် ဝန်ခံခဲ့တဲ့ ဘောလုံးသမားက နောဝှစ်ချ်နဲ့ နော်တမ်ဟမ်ဖောရက်စ် တိုက်စစ်မှူးဟောင်း ဂျက်စတင်ဖက်ရှ်ဟာနူ ဖြစ်ပြီး ၁၉၉ဝ ပြည့်နှစ်က ဝန်ခံစကားဆိုခဲ့တာဖြစ်ပါတယ်။

//
More News
Up