အာဆင်နယ်ချန်ပီယံလိဂ်ဝင်ခွင့်ရမည်ဟု ယုံကြည်ခဲ့ခြင်းမရှိကြောင်း မန်ယူဂန္ထဝင် နဗီးလ် ပြော

အာဆင်နယ်အသင်းအနေနဲ့ အခုနှစ်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရယူနိုင်လိမ့်မယ်လို့ တခါမှယုံကြည်ခဲ့ခြင်းမရှိကြောင်း မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ပြောပါတယ်။ 

နယူးကာဆယ်က အာဆင်နယ်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ နဗီးလ်က အင်္ဂလန်အသင်းဖော်ဟောင်း ကာရေဂါနဲ့အတူ စကိုင်းပေါ့ရုပ်သံမှာ သုံးသပ်တင်ဆက်ခဲ့ပါတယ်။ 

ပွဲအပြီးမှာတော့ အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့မယ်လို့ ဘယ်တုန်းကမှ အပြည့်အဝယုံကြည်ခဲ့ခြင်းမရှိကြောင်း ထည့်သွင်း ပြောသွားခဲ့တာပါ။ 

“အာဆင်နယ်အသင်းက လူငယ်အသင်းဖြစ်ပြီး သူတို့မှာ အတွေ့အကြုံနဲ့ စရိုက်လက္ခဏာတွေမရှိပါဘူး။ အရင်ကတည်းက အာဆင်နယ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရလိမ့် မယ်လို့ ယုံကြည်မှုမရှိခဲ့ပါဘူး” လို့ ကာရေဂါနဲ့ ဆွေးနွေးမှုမှာ နဗီးလ်က ပြောခဲ့တာပါ။ 

လီဗာပူးနောက်ခံ လူဟောင်းကာရေဂါကတော့ သူဟာ နည်းပြအာတီတာရဲ့ အမာခံပရိသတ်တဦးဖြစ်ပေမယ့် နယူးကာဆယ်နဲ့ပွဲစဉ်က ကစားပုံကတော့ အလွန်ဆိုးရွားခဲ့ကြောင်း၊ ယူရိုပါလိဂ်ကစားရမယ်ဆိုရင် ကြာသာပတေးနဲ့ တနင်္ဂနွေနေ့မှာ ၂ ပွဲဆက်ကစားရမှာဖြစ်လို့ ပြဿနာရှိနိုင်ကြောင်း ကာရေဂါက သုံးသပ်ခဲ့ပါတယ်။ 

အာဆင်နယ်အသင်းဟာ ၂ ပွဲဆက်တိုက်ရူံးပွဲတွေ့ခဲ့တာကြောင့် အဆင့်လေး နေရာကို စပါးအသင်းဆီလွှဲပေးခဲ့ရပြီး လက်ကျန် ၁ ပွဲအလိုမှာ ၂ မှတ်အကွာနဲ့ အဆင့် ၅ နေရာမှာရပ်တည် နေပါတယ်။

//
More News
Up