ပျောက်ဆုံးလေယာဉ်ကို ကူညီရှာဖွေရန် အသင့်ဟု ပါကစ္စတန်ပြော

ပါကစ္စတန်နိုင်ငံဟာ မလေးရှား ပျောက်ဆုံးလေယာဉ် MH 370 ကို ရှာဖွေရေးအတွက် ကူညီဖို့ အဆင်သင့်ပဲလို့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရ တက်စ်နင် အဲစ်လန်က မတ် ၁၇ ရက်နေ့က ပြောပါတယ်။ mh370-777မလေးရှားအာဏာပိုင်တွေ က ရေဒါနဲ့ လေကြောင်းထိန်းချုပ်ရေး သတင်းအချက် အလက်တွေ မျှဝေဖို့ တောင်းဆိုချက်ကို ပါကစ္စတန် အစိုးရက လက်ခံရရှိထားတယ်လို့ သူက ပြောပါတယ်။ ပါကစ္စတန် အရပ်ဘက်အာဏာပိုင်တွေနဲ့ လေတပ် ကတော့ ပျောက်ဆုံးလေယာဉ်နဲ့ ပတ်သက်တဲ့ ဘာကိုမှ သူတို့ရဲ့ရေဒါပေါ်မှာ ထောက်လှမ်းရရှိမှု မရှိခဲ့ဘူးလို့ ပြောပါတယ်။ အဲစ်လန်က “တကယ်လို့ အခွင့်မရှိတဲ့ ပျံသန်းမှုက ကျမတို့ ပိုင်နက်ထဲကို ရောက်လာခဲ့ရင် အရေးပေါ် ကြေညာချက် ထွက်လာမယ်၊ လေတပ်ဂျက်လေယာဉ်တွေ ပျံတက်ပြီး တားမြစ်မယ်၊ စိန်ခေါ်မယ်၊ ပြီးရင် ဘယ်ကလာပြီး ဘယ်ကို သွားမယ်ဆိုတာ မေးမြန်းမယ်၊ တော်တော်လေး တပ်လှန့်ထားပါတယ်။ ကျမတို့ ဘာသတင်းအချက်အလက်မှ မရရှိဘူး” လို့ ပြောပါတယ်။ ပါကစ္စတန်က ရေဒါသတင်းအချက်အလက် မျှဝေဖို့ တောင်းဆိုချက်ကို လက်ခံ ရရှိထားပေမယ့် ရှာဖွေရေး ကူညီဖို့တော့ တောင်းဆိုမှု မရှိဘူး။ ဒါပေမယ့် အစိုးရကတော့ ကူညီဖို့ အသင့်ပဲလို့ သူက ဆက်ပြောပါတယ်။ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇာတ်ကတာ့ လေယာဉ်ဟာ သူဦးတည်ရာ လမ်းကနေ သွေဖည်မောင်းနှင်ခံရပြီး ရေဒါပေါ်က ပျောက်သွားခဲ့ပြီးတဲ့နောက် နာရီနဲ့ ချီ ဆက်လက်ပျံသန်းနေခဲ့တယ်လို့ မတ် ၁၅ ရက်နေ့က ပြောပါတယ်။

More News
Up