အာဏာသိမ်း စစ်ခေါင်းဆောင် ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့ စာရင်းပေးထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ကို ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအပါဝင် ရခိုင်လူငယ်အဖွဲ့ ၂၄ ဖွဲ့က ကန့်ကွက်ရှုတ်ချကြောင်း မေလ ၁၆ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။
ALP ဟာရခိုင်လူထုကို ကိုယ်စားမပြုသလို စစ်ရာဇဝတ်မှုတွေကျူးလွန်သူတွေနဲ့ တွေ့ဆုံတာဟာ ရခိုင်ပြည်သူလူထုကို စော်ကားရာရောက်တယ်လို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂဗဟိုကော်မတီဝင် ကိုကျော်နိုင်ဌေးက ပြောပါတယ်။
"ALP ဟာ ကျနော်တို့ ရက္ခိုင်ပြည်သူတွေကထောက်ခံမှုမရှိသလို ကိုယ်စားလည်းမပြုဘူး။ သူတို့က ကျနော်တို့အမြင်မှာ ရခိုင်ပြည်သူ လူထုကိုယ်စား တက်နေသလိုဖြစ်နေပြီး ရခိုင်လူထု ထောက်ခံမှုမရှိတဲ့အဖွဲ့က တက်ရောက်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ရခိုင်ပြည်ကို ငြိမ်းချမ်းရေး ရရှိမှာမဟုတ်ဘူး။ ငြိမ်းချမ်းရေး ရဖို့ဆိုတာက ရခိုင်ပြည်မှာ အမှန်တကယ် တိုက်ပွဲဖြစ်နေတဲ့ သူတွေနဲ့ပဲဆွေးနွေသင့်တယ်။ နောက်တစ်ခုက မြန်မာနိုင်ငံမှာ ဒီလောက် စစ်ရာဇဝတ်မှု ကျူးလွန်တာတွေ စစ်အာဏာသိမ်းထားတဲ့ လူတွေနဲ့ သွားပြီး တွေဆုံဆွေးနွေးတာက ရခိုင်ပြည်သူတွေကို စော်ကားရာလည်းရောက်တယ်။ အဲတာကြောင့် ကျနော်တို့က ကန့်ကွက်ရှုတ်ချတာဖြစ်တယ်"လို့ပြောပါတယ်။
အခုလို စစ်ကောင်စီနဲ့ ALP ဆွေးနွေးပွဲကနေ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှု အာမခံချက်ပေးနိုင်မှာ မဟုတ်သလို ရခိုင်ပြည်ရဲ့ အချုပ်ချာအာဏာ ရခိုင်ပြည်သူလက်ထဲသို့ မရောက်သေးသရွေ့ ရခိုင်ပြည်ငြိမ်းချမ်းစည်ပင်သာယာတဲ့ ဒေသတခု ဖြစ်လာမှာမဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အခက်အခဲအမျိုးမျိုးကြောင့် ရခိုင်ပြည်သူတွေဟာ နွေဦးတော်လှန်ရေး၊ CDM လှုပ်ရှားမှု၊ အာဏာသိမ်းဆန့်ကျင်မှု၊ စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးကြိုးပမ်းမှုတွေမှာ တက်တက်ကြွကြွ မပါဝင်နိုင်ခဲ့ပေမဲ့ မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ ဒီမိုကရေစီလိုလားမှုနဲ့ နိုင်ငံရေးရည်မှန်းချက်ကို လေးစားတန်ဖိုးထားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ရခိုင်လူငယ်အဖွဲ့တွေရဲ့ အဆိုပါထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားခြင်းမရှိပါဘူး။
စစ်ခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးလိုကြောင်း ဧပြီလ ၂၂ ရက်နေ့မှာ ဖိတ်ခေါ်ခဲ့ထာရာမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KUN/KNLA – PC)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၊မွန်ပြည်သစ်ပါတီ(NMSP)၊ “o” ပြည် သွေးစည်းညီညွတ်ရေးတပ် (UWSA)၊ မိုင်းလားအဖွဲ့ (NDAA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ တက်ရောက်ဖို့ စာရင်းပေးထားပါတယ်။