စစ်ခေါင်းဆောင်၏ အင်းယားလမ်းနေအိမ် ရောင်းချမှု ၁၀ ရက်အတွင်း ကန်ဒေါ်လာ ၄ သန်းရရှိ

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရန်ကုန်မြို့ အင်းယားလမ်း နေအိမ်ကို NUG အစိုးရက ရောင်းချနေရာမှာ ပထမ ၁၀ ရက်အတွင်း အမေရိကန်ဒေါ်လာ ၄ သန်းဖိုး ရှယ်ယာရောင်းထားရပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားတဲ့ ရန်ကုန်မြို့၊ အင်းယားလမ်းက နိုင်ငံတော်ပိုင်မြေဟာ ၁ ဒသမ ၈၆ ဧက ကျယ်ဝန်းပြီး ကာလပေါက်ဈေး အမေရိကန်ဒေါ်လာသန်း ၃၀ ကျော်ရှိပေမဲ့ ကာလတန်ကြေးရဲ့ ၃ ပုံ ၁ ပုံ၊ အမေရိ ကန် ဒေါ်လာ ၁၀ သန်း တန်ဖိုးဖြတ်ပြီး NUG က ရှယ်ယာတစုကို အမေရိကန်ဒေါ်လာ ၁၀၀ သတ်မှတ်ပြီး အစုရှယ်ယာ ၁ သိန်းတိတိ ရောင်းချနေတာပါ။

ဒါဟာ အာဏာရှင် အဆုံးသတ်နိဂုံး (The End of Dictatorship-EOD) အစီအစဉ်ရဲ့ ကနဦးခြေလှမ်းဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က လက်မှတ် ရေးထိုးထုတ်ပြန်ထားပါတယ်။

လတ်တလောအချိန်ထိ ရှယ်ယာရောင်းချရမှုတွေထဲက ၈၇ ရာခိုင်နှုန်းကို ပြည်တွင်း၊ ပြည်ပက မြန်မာနိုင်ငံသားတွေ ဝယ်ခဲ့ကြပြီး ၁၃ ရာခိုင်နှုန်းကိုတော့ မြန်မာနိုင်ငံသားဟောင်းတွေအပါအဝင် နိုင်ငံခြားသားတွေက ဝယ်ယူခဲ့ကြကာ ရှယ်ယာအစုအများဆုံး ၅၅၄ စု (ဒေါ်လာ ၅ သောင်းခွဲဖိုး) ဝယ်ယူသူကစလို့ အများဆုံး ဝယ်ယူသူ ၁၀ ယောက်ကို ဖော်ပြထားပါတယ်။

အဲဒီ ၁၀ ယောက်စလုံးဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ကြပြီး ပြည်တွင်းနဲ့ ပြည်ပက တဝက်လောက်စီ ပါဝင်တယ်လို့ The End of Dictatorship-EOD က ပြောပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားတဲ့ နိုင်ငံတော်ပိုင် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အင်းယားလမ်း၊ ခြံအမှတ် ၁၄ က မြေနဲ့အဆောက်အအုံကို ကြိုတင်ရောင်းချနိုင်ရေး ပြည်သူ့ဆန္ဒကောက်ယူတဲ့ စစ်တမ်းတခုကို ဒီမတိုင်ခင်က ပြုလုပ်ခဲ့ပြီး စစ်တမ်းကောက်တဲ့ ၆ ရက်တာကာလအတွင်း စုစုပေါင်းဆန္ဒပြုသူ ၁၈၀၀၀ ကျော်ရဲ့ ၉၇ ရာခိုင်နှုန်းကျော်က ဝယ်ယူမယ်လို့ဆန္ဒပြုခဲ့ကြပြီး ဝယ်ယူဖို့ အဆိုပြုပမာဏ စုစုပေါင်းကငွေကျပ် ၃၄ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၇ သန်း) လောက်ရှိပါတယ်။

ဒီရောင်းချမှုကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄  ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ “အကြမ်းဖက်စစ်ကောင်စီက သိမ်းယူထားသော တပ်ပိုင်မြေဆိုင်ရာ အခြေခံမူများ” အပိုဒ် ၄ နဲ့ အပိုဒ် ၅ အရ စီမံဆောင်ရွက်တာ ဖြစ်ပါတယ်။

//
More News
Up