စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာ၀င်းမြတ်အေး တို့အပေါ် စွဲဆိုထားတဲ့ ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ အဂတိအမှုတွေအတွက် မေလ ၁၆ ရက်နေ့ရုံးချိန်းမှာ တရားလို မလာတဲ့အတွက် မစစ်ဆေးဖြစ်ဘူးလို့ တရားရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ဒီနေ့ရုံးချိန်းမှာ တရားလိုဦးအောင်ခန့် နေမကောင်းလို့ ခွင့်တင်ထားတဲ့အတွက် နောက်အပတ်ကို ပြန်ချိန်းလိုက်ပြီး သူ့ကိုပဲ ပြန်လှန်စစ်မေးမယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ်အတွင်းမှာ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစီး ၀ယ်ယူအသုံးပြုတာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာ၀င်းမြတ်အေးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာပါ။
ရုံးချိန်းကို လာရောက်တဲ့ နိုင်ငံတော်သမ္မတဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ ကျန်းမာရေးကောင်းမွန်တယ်လို့လည်း အဆိုပါတရားရုံးနဲ့နီးစပ်သူက ပြောပါတယ်။