တူရကီကြောင့် ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့ နေတိုးအဖွဲ့ဝင်ဖြစ်ရေး နှောင့်နှေးစေမည်မဟုတ်

တူရကီရဲ့ စိုးရိမ်မှုကြောင့် ဆွီဒင်နဲ့ ဖင်လန်နိုင်ငံတို့  အနောက်စစ်ရေး မဟာမိတ်အဖွဲ့ (နေတိုး) အဖွဲ့ဝင်အဖြစ် ပူးပေါင်းတာကို နှောင့်နှေးစေမှာ မဟုတ်ဘူးလို့ နေတိုးအဖွဲ့ အကြီးအကဲက ပြောပါတယ်။

ဖင်လန်နဲ့ ဆွီဒင်တို့ နေတိုးအဖွဲ့ဝင်ဖြစ်မှုကို မနှောင့်နှေးစေဘဲ တူရကီရဲ့ စိုးရိမ်မှုတွေကို ဖြေရှင်းနိုင်မယ်ဆိုတာ ယုံကြည်တယ်လို့ နေတိုးအတွင်းရေးမှူးချုပ် ယန်းစတော့တန်ဘာ့ဂ်က မေလ ၁၅ ရက် ဂျာမန်နိုင်ငံခြားရေးဝန်ကြီး အန်နာလေနာ ဘေယာဘော့ဂ်နဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှဦ ပြောခဲ့ပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်တာကို တုံ့ပြန်တဲ့အနေနဲ့ သူ့နိုင်ငံဟာ နေတိုးနဲ့ ပူးပေါင်းဖို့ လျှောက်ထားမယ်လို့ ဖင်လန်သမ္မတနဲ့ ဝန်ကြီးချုပ်တို့က အတည်ပြု ပြောဆိုခဲ့ပြီး ဆွီဒင်ကလည်း ပူးပေါင်းဖို့ မျှော်လင့်ထားတာပါ။

ဒီဖြစ်ရပ်ကြောင့် ရုရှားအစိုးရက ဒေါသထွက်ခဲ့ပါတယ်။ တူရကီအစိုးရကတော့ ဖင်လန်နဲ့ ဆွီဒင်တို့က သူတို့နိုင်ငံတွေထဲမှာ ရှိနေတဲ့ ကာဒစ်ရှ် ပြည်သူ့စစ်အုပ်စုတွေကို ထောက်ပံ့တာ ရပ်စေချင်တယ် တူရကီကို လက်နက်ရောင်းဝယ်မှု တချို့ကို တားမြစ်ပိတ်ပင်ထားတာ ပြန်ရုပ်သိမ်းပေး စေချင်တယ်လို့ နေတိုးနိုင်ငံခြားရေး ဝန်ကြီးဌာန အစည်းအဝေးနဲ့ ဆက်စပ် ဆွေးနွေးပွဲအတွင်း မေ ၁၅ ရက်မှာ တောင်းဆိုခဲ့တာပါ။

အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က အကြမ်းဖက်သမားတွေအဖြစ် တားမြစ် ပိတ်ပင်ထားတဲ့ ကာဒစ်ရှ် စစ်သွေးကြွအုပ်စုဖြစ်တဲ့ PKK ဟာ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ သီတင်းပတ်ကုန်ရက်က အစည်းအဝေးလုပ်ခဲ့တယ်လို့ တူရကီသမ္မတ တေယစ်အာဒိုဂံ က ပြောဆိုပါတယ်။ 

တူရကီဟာ နေတိုးအဖွဲ့ဝင်ဖြစ်ရေး လျှောက်ထားဖို့ ဆန္ဒရှိတဲ့ ဥရောပနိုင်ငံအားလုံးကို လမ်းဖွင့်ပေးထားတဲ့ နေတိုးရဲ့ မူဝါဒကို မဆန့်ကျင်ခဲ့ဘူးလို့လဲ အာဒိုဂံက ပြောပါတယ်။

ယူကရိန်းအပေါ် ရုရှားရဲ့ စစ်ပွဲကို တုံ့ပြန်တဲ့ အနေနဲ့ နောဒစ်ဒေသတွင်းမှာ နေတိုး စစ်အင်အားကို တိုးချဲ့ပြီး ဖင်လန်နဲ့ ဆွီဒင်ကို အမြန်လက်ခံနိုင်မယ်၊ တူရကီရဲ့ ကန့်ကွက်ချက်ကို ကျော်လွှားနိုင်မယ်လို့ နေတိုးက ယုံကြည်ထားတယ်လို့လည်း နေတိုး ဒု အကြီးအကဲက မေလ ၁၅ ရက်မှာ ပြောခဲ့ပါတယ်။

နေတိုးအဖွဲ့ တိုးချဲ့ရေး ဘယ်ဆုံးဖြတ်ချက်မဆို အဖွဲ့ဝင် နိုင်ငံ ၃၀ လုံးနဲ့ သူတို့ရဲ့ လွှတ်တော်တွေက အတည်ပြုချက် လိုအပ်ပါတယ်။

ဖင်လန်နဲ့ ဆွီဒင်တို့ဟာ ဘောလ်တစ်ပင်လယ် ဝန်းကျင်ဒေသထဲမှာ အကြီးအကျယ် အားကောင်းလာမယ်လို့ မဟာမိတ်အဖွဲ့က ယူဆထားတဲ့အတွက် နေတိုးအဖွဲ့ဝင်သက်တမ်း အနှစ်၇၀ ရှိပြီဖြစ်တဲ့ တူရကီအစိုးရဟာ ဖိအားကြီးကြီးမားမား အောက်ကို ရောက်နေတယ်လို့ နေတိုးအဖွဲ့ဝင် သံတမန်တွေက ပြောနေကြပါတယ်။

//
More News
Up