Live
Home
မြန်မာသတင်း
ကပစ -၂၃ မှ တပ်ကြပ်ကြီးတဦး လက်နက်အပြည့်စုံဖြင့် အလင်းဝင်
DVB
·
May 15, 2022

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီရဲ့ ကာကွယ်ရေးနဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံ ကပစ ၂၃ က တပ်ကြပ်ကြီးတယောက် လက်နက်ခဲယမ်းအပြည့်အစုံနဲ့ ပြည်သူထံ အလင်းဝင်ရောက်ခဲ့တယ်လို့  ယောဒေကာကွယ်ရေးတပ်ဖွဲ့ YDF က မေ ၁၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ ကပစ ၂၃ က တပ်ကြပ်ကြီး သန်းနိုင်စိုးဟာ စစ်ကောင်စီရဲ့ ယုတ်မာမှုတွေကို ဆက်လက်ပါဝင်ပူးပေါင်းလိုခြင်း မရှိတော့တာကြောင့် မတရားမှုကို ဆန့်ကျင်ပြီး လက်နက်ခဲယမ်းအပြည့်အစုံနဲ့ YDF ကနေတဆင့် CDM ပြုလုပ်ကာ ပြည်သူလူထုထံကို အလင်းဝင်ရောက်ခဲ့တာလို့ YDF  ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

တပ်ကြပ်ကြီး သန်းနိုင်စိုးဟာ M1 မောင်းပြန်သေနတ် ၁ လက်၊ ကျည်အိမ် ၄ ခု၊ ကျည်ဆန် ၂၂၈ တောင့်နဲ့အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာတာကြောင့် ထိုက်သင်တဲ့ ဆုကြေးငွေ ချီးမြှင့်ပြီး လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးဖို့ စီစဥ်​နေတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီရှိနေပြီဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ သူတို့ရဲ့ ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေပါတယ်။

တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က  တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင်ကို ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြတယ်လို့ သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024