စစ်ကောင်စီ လက်အောက်ခံ မန္တလေးတိုင်းအစိုးရအဖွဲ့နဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ ဦးဆောင်ကျင်းပတဲ့ သံဃာ ၁၀,၀၀၀ ကျော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မန္တလေး ကျုံးပတ်ပတ်လည်မှာ မေ ၁၄ ရက် ကဆုန်လပြည့်နေ့က လုံခြုံရေးတင်းကျပ်ပြီး ကျင်းပခဲ့ ပါတယ်။
နိုင်ငံတဝန်း ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို သတ်ဖြတ်နေတဲ့ စစ်အုပ်စုက ကျင်းပတဲ့ ဒီဆွမ်းလောင်းလှူပွဲကို သပိတ်မှောက်ကြဖို့ တော်လှန်ရေးမှာ ဦးဆောင်ပါဝင်နေတဲ့ မန္တလေးသံဃသမဂ္ဂက မေတ္တာရပ်ခံခဲ့ပေမဲ့ အနယ်နယ်အရပ်ရပ်က သံဃာတွေကတော့ ဆွမ်းဆန် စိမ်းလောင်းလှူပွဲကို ကြွရောက်အလှူခံခဲ့ကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒီပွဲကို တက်ရောက်ဖို့ စည်ပင်ဝန်ထမ်းတွေကို သတ်မှတ်ဦးရေအလိုက် မတက်မနေရ ညွှန်ကြားတဲ့ အတွက် တက်ရောက်ခဲ့ကြရတယ်လို့လည်း စည်ပင်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို လုံခြုံရေး အထူးတင်းကျပ်ထားပြီး ပြင်ပက လောင်းလှူလိုတဲ့ ပြည်သူတွေကိုလည်း စစ်ဆေးကာ ဝင်ရောက်လောင်းလှူခွင့်ပြုခဲ့ကာ မန္တလေးမြို့ခံတချို့ လာရောက်လောင်းလှူကြတယ်လို့လည်း သိရပါတယ်။
"လာတဲ့သူတွေကို သေချာစစ်တယ်၊လုံခြုံရေးတင်းကျပ်တယ်၊သင်္ကြန်တုန်းကလိုပဲ ရှာဖွေစစ်ဆေးပြီးမှ အဝင်ခံတာ"လို့ အဆိုပါနေရာကိုရောက်ခဲ့သူတယောက်က ပြောပါတယ်။
ဒီအခမ်းအနားကို ကျုံးရဲ့ လေးဘက်လေးတန် ကျင်းပတာဖြစ်ပြီး ပွဲကျင်းပတဲ့နေရာရဲ့ တပြအကွာအထိ လမ်းတွေပိတ်ဆို့ပြီး ပွဲနေရာကို ဝင်ပေါက်တစ်ပေါက်သာထားရှိကာ လုံခြုံရေးတင်းကျပ်ခဲ့တာကို တွေ့ရပါတယ်။
သံဃာတော်တွေကို ကြိုပို့ဖို့ လိုင်းကားတွေကို ချောဆွဲကာ စီစဉ်ပေးခဲ့တာကိုလည်း တွေ့ရပြီး စစ်ကောင်စီခန့် ဌာနဆိုင်ရာအားလုံး လာရောက် ဆွမ်းလာင်းလှူကြတာကိုလည်း တွေ့ရပါတယ်။