ဗီယက်နမ်မှာ ကျင်းပနေတဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာအတွက် ဒုတိယမြောက် ရွှေတံဆိပ်ဆုကို ပီတန်းအားကစားသမား မခင်ချယ်ရီသက်က ဆွတ်ခူးရယူပေးနိုင်ခဲ့ပါတယ်။
မေလ ၁၃ ရက် မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပီတန်းအားကစားပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲမှာ မခင်ချယ်ရီသက်က ပြိုင်ဘက် လာအို အားကစားသမား ကစ်ပ်သက်ဖာကန်ကို အနိုင်ရရှိခဲ့ပြီးရွှေတံဆပ်ဆုရခဲ့သလို ပီတန်းအားကစားသမား မောင်ဝင်းသူရိန်ထွန်းကလည်း ကြေးတံဆိပ်ဆု ရရှိခဲ့ပါတယ်။
Kurash နပန်း အားကစားပြိုင်ပွဲ (-၇၀)ကီလိုတန်း အမျိုးသမီးပြိုင်ပွဲမှာတော့ မဖြိုးဆွေဇင်ကျော်က ငွေတံဆိပ်ဆုရခဲ့ပြီး၊ (-၇၃) ကီလိုတန်း အမျိုးသားပြိုင်ပွဲမှာ မောင်စိုးမြင့်ထွန်းက ကြေးတံဆိပ်ဆုရပါတယ်။
မနေ့က Rowing အားကစားပြိုင်ပွဲမှာ အမျိုးသမီး (၂) တက်လှော်ပြိုင်ပွဲမှာ မရွှေဇင်လတ်နဲ့ မနီလာဝင်းတို့က တတိယ ကြေးတံဆိပ်ဆုပြီး ကာယဗလကာယအလှအားကစားပြိုင်ပွဲ ၅၅ ကီလိုတန်းမှာ မောင်ကျော်မင်းသန်းက ကြေးတံဆိပ်ဆု အသီးသီးရရှိခဲ့ပါတယ်။
အခုနှစ် ဗီယက်နမ်ဆီးဂိမ်းစ်မှာ မြန်မာအတွက် ပထမဆုံးရွှေတံဆိပ်ကို မေလ ၁၁ ရက်က ကျင်းပတဲ့ Kurash နပန်းသတ် အားကစားနည်း + ၈၇ ကီလိုတန်းဗိုလ်လုပွဲမှာ မြန်မာအားကစားသမား မအေးအေးအောင်က ဆွတ်ခူးရယူပေးနိုင်ခဲ့ပါတယ်။
အခုနှစ်ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မေလ ၁၄ ရက်မနက်အထိရလဒ်တွေအရ မြန်မာက ရွှေတံဆိပ် ၂ ခု၊ ငွေတံဆိပ် ၂ ခု ၊ ကြေးတံဆိပ် ၅ ခု စုစုပေါင်း ဆုတံဆိပ် ၉ ခုနဲ့ ပြိုင်ပွဲဝင် အာဆီယံ ၁၁ နိုင်ငံထဲမှာ နိုင်ငံအလိုက် အဆင့် ၇ မှာရပ်တည်နေပါတယ်။
Photo - Vietnam Sea games