အင်းတော်မြို့နယ်၌ ခရီးသည်တင်လိုင်းကား ဓားပြတိုက်ခံရ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နတ်မဟုတ်ကြီး‌ကျေးရွာအနီးမှာ မေလ ၁၃ ရက် ည ၉ နာရီလောက်က သစ္စာလှိုင် မန္တလေး-မြစ်ကြီးနား ခရီးသည်တင်လိုင်းကား ဓားပြတိုက်ခံရပြီး ခရီးသည်တွေဆီက ငွေနဲ့ အဖိုးတန်ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကျောက်ကုန်သည်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ အများဆုံးသွားလာရာ မန္တလေး-မြစ်ကြီးနားကားလမ်း‌ဖြစ်လို့ စီးနင်းလိုက်ပါလာတဲ့ ခရီးသည်တွေဆီမှာ ငွေနဲ့ တန်ဖိုးရှိ ပစ္စည်းတွေရနိုင်မှန်းသိတဲ့အတွက် ညအချိန်မှာစောင့်ဆိုင်း ဓားပြတိုက်တာလို့ ဒေသခံတဦးကပြောပါတယ်။

အင်းတော်ပြည်သူ့ကာကွယ်ရေးအဖွဲ့တဦးကလည်း  “ဖုန်းနဲ့ ပိုက်ဆံတွေ ပါသွားပါတယ် ကားဆရာတွေ အနေနဲ့ ဘေးကင်းလုံခြုံစေဖို့ အင်းတော်မြို့နယ်ပိုင် လမ်းပိုင်းကို ညအချိန် သွားလာခြင်းကို အတတ်နိုင်ဆုံးရှောင်ကြဉ်ပေးကြပါ" လို့ပြောပါတယ်။

အဆိုပါလမ်းပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့တွေက လက်လုပ်သေနတ်ကိုင်ပြီး PDF အယောင်ဆောင်ကာ ခရီးသည်တင်လိုင်းကား ကုန်တင်ကားနဲ့ တခြားခရီးသွားတွေကို ခြိမ်းခြောက် ဓားပြတိုက် လုယက်နေရာ ညပိုင်းအချိန်မတော် ဖြတ်သန်း သွားလာတာမလုပ်ဖို့  Indaw Revolution-IR အဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။

//
More News
Up