စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ မေ ၁၃ ရက်က စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းအဖွဲ့တို့ ထိတွေ့တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်တွေ ထိခိုက်ဒဏ်ရာရတာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယင်းမာပင်မြို့နယ်အတွင်းကို စစ်ကြောင်းထိုးလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို PDF ပူးပေါင်းအဖွဲ့တွေက မေ ၁၃ ရက်နေ့က မနက်ပိုင်းနဲ့ ညနေပိုင်းအချိန်တွေမှာ တိုက်ခိုက်ခဲ့တာ ဆိုပါတယ်။
အမိမြေတော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ဝဏ္ဏက “စစ်ကောင်စီတပ်ဖွဲ့ကို မနက် ၆ နာရီဝန်းကျင်လောက်က ကျွန်းတောလေးရွာနဲ့ ကျောက်ပြုတ်ကျေးရွာတို့အနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သလို ညနေ ၃ နာရီခန့်လောက်မှာလည်း တရော်ကျင်းကျေးရွာနဲ့ မြစ်သောက်တောင် အနီးတို့မှာ ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်”လို့ ပြောပါတယ်။
အမိမြေတော်လှန်ရေးတပ်ဖွဲ့တဖွဲ့တည်းနဲ့ဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးတာအတည်ပြုနိုင်ပြီး တခြားမဟာမိတ်အဖွဲ့တွေနဲ့ တိုက်ပွဲမှာလည်း သေဆုံးမှုရှိနိုင်ပေမဲ့ စစ်ကောင်စီတပ်ရဲ့ စုစုပေါင်းထိခိုက်ကျဆုံးမှုအရေအတွက်အတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
တိုက်တွေမှာ PDF အဖွဲ့ဘက်ကလည်း ရဲဘော် ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ အင်အား ၈၀ လောက်နဲ့ မေ ၁၂ ရက်ကစပြီး ယင်းမာပင်မြို့နယ်အတွင်းကို စစ်ကြောင်းထိုးသွားလာလှုပ်ရှားနေတာဖြစ်ပြီး ၂ ရက်အတွင်းမှာ ဒေသခံ PDF ပူးပေါင်းအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲပေါင်း ၃ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။