မကွေးတိုင်း မြိုင်မြို့နယ်မှာ မေ ၁၃ ရက်နေ့နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်တွေက အပြစ်မဲ့ ပြည်သူအယောက် ၃၀ လောက်ကို ဖမ်းဆီးထားပြီး ၅ ဦးက ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေပေါင်းပြီး အင်အား ၂၀၀ လောက်နဲ့ လက်ယက်မကျေးရွာကို ဝင်မွှေနေတာဗျ။ ရွာသားတွေ အယောက် ၃၀ လောက် အဖမ်းခံထားရတယ်။ နောက်ပြီးတော့ ပိတောက်ကန်ရွာ(ခေါ်) ရွာရှည်ရွာက နေအိမ်တွေကို လက်နက်ကြီး ကျည်ကျရောက်ပြီး နေအိမ် ၄၀ ကျော်လောက် မီးလောင်ဆုံးရှုံးကာ သက်ကြီးဘိုးဘွား ၃ ယောက် လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့တယ်” လို့ လက်ယက်မရွာ ဒေသခံတယောက်က ပြောပါတယ်။
ဒါ့အပြင် မေ ၁၃ ရက်မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ တောင်ဘို့ရွာက အသက် ၃၆ နှစ်အရွယ် အမျိုးသားတယောသေဆုံးခဲ့သလို မေ ၁၂ ရက်နေ့မှာလည်း တောင်ဘို့ရွာနားလေးမှာ အသက် ၂၀ အရွယ် အမျိုးသမီးငယ်တယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
“စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ချည်းပဲ ကျေးရွာတွေကို ဆက်တိုက်လှမ်းထုနေတာဗျ။ လက်ယက်မရွာအပြင် အနီးနားက ကျေးရွာတွေ ပျက်စီဆုံးရှုံးမှု တော်တော်များတယ်။ ဒီကနေ့ (မေ၁၃) ညနေပိုင်းမှာ ပျူစောထီးအများအပြားနေထိုင်တဲ့ ကန်နီကျေးရွာကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သွားဆော်ကြလို့ အပြန်အလှန် တိုက်ပွဲ ဖြစ်သံကြားရတယ်။ ဆက်သွယ်ရေး ဖုန်းလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေ အားလုံး ဖြတ်တောက်ထားပြီး MPT လိုင်းတခုသာ ရတချက် မရတချက်ဘဲ” လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာတွေက ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူ ၂၀၀၀၀ ကျော်လောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။
လက်ယက်မကျေးရွာမှာ ဇန်နဝါရီ ၁၆ ရက်နေ့မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်တွေက မီးရှို့ သတ်ဖြတ်သွားတဲ့ အလောင်း ၃ လောင်းတွေ့ရှိပြီးတော့ ဒေသခံ အမျိုးသား ၇၀ လောက်လည်း ဖမ်းဆီးနှိပ်စက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အနောက်မြောက်စစ်ဒေသ ဖြစ်တဲ့ ချင်းပြည်နယ်၊မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစလို့ လက်ရှိကာလအထိဘာသာရေးအဆောက်အဦတွေ၊ အရပ်သားပိုင်ပစ္စည်းတွေအပါအဝင် အနည်းဆုံး အိမ်ခြေ ၈,၈၉၀ လုံး မီးရှို့ဖျက်ဆီး ခံလိုက်ရတယ်လို့ UNOCHA Myanmar က ထုတ်ပြန်ထားပါတယ်။