ရုရှားစစ်သားအလောင်းများကို ယူကရိန်း သိမ်းဆည်း

ယူကရိန်းစစ်တပ်က တာဝန်ရှိသူတွေဟာ မေ ၁၃ ရက်က မြို့တော် ကီးယက်ဗ် ဆင်ခြေဖုံး တနေရာမှာ ရုရှား စစ်သားအလောင်းတွေကို အအေးခန်းကားထဲ သိမ်းထားပေးပြီး ဥပဒေအတိုင်း မိခင်နိုင်ငံ ပြန်ပို့ပေးဖို့ အဆင်သင့်ပဲလို့ ပြောပါတယ်။

ဒီအလောင်းတွေဟာ ကီယက်ဗ်နဲ့ ချာနီဟက်ဗ်ဒေသမှာ ကျဆုံးသွားသူတဲ့ ရုရှားစစ်သားတွေ ဖြစ်တယ်လို့ ယူကရိန်း စစ်တပ်က ပြောပါတယ်။ 

ယူကရိန်း စစ်တပ်က အရပ်ဘက် စစ်ဘက် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလိုဒီမာ လျှမ်းဇင်က ယူကရိန်းနိုင်ငံဟာ နိုင်ငံတကာ ဥပဒေတွေအတိုင်းလိုက်နာပြီး ရုရှားစစ်သား အလောင်းတွေကို မိခင်နိုင်ငံကို ပြန်ပို့ဖို့ အဆင့်သင့်ပဲလို့ ပြောပါတယ်။ 

ဒီလို ရုရှားအလောင်းတွေကို သိမ်းပေးထားတဲ့ အအေးခန်း ကားတွေ၊ တခြား ဒေသတွေမှာလည်း ရှိနေတယ်လို့လည်း ပြောပါတယ်။ 

ဒီအတောအတွင်းမှာပဲ ရုရှားဟာ ယူကရိန်းနိုင်ငံ တောင်ပိုင်း မာရီယူပို့မြို့က အာဇိုစတယ် သံမဏိစက်ရုံကို အမြောက်တွေနဲ့ ပစ်ခတ် တိုက်ခိုက်နေပါတယ်။ 

ရုရှားတပ်တွေ ၂ လကြာအောင် ဝိုင်းထားတဲ့ မာရီယူပိုမြို့က သံမဏိစက်ရုံကို ယူကရိန်းတပ်တွေက နောက်ဆုံးခံကတုတ်လို သုံးပြီး ခုခံနေပါတယ်။ 

စက်ရုံထဲက ယူကရိန်း စစ်သားတွေကို ကယ်ထုတ်ဖို့ ရုရှားနဲ့ ညှိနှိုင်းနေတာ အဆင်မပြေ သေးဘူးလို့ ယူကရိန်း ဒုဝန်ကြီးချုပ်က မေ ၁၃ ရက်မှာ ပြောပါတယ်။

//
More News
Up