တနင်္သာရီတိုင်းဘက်ရှိ ထားဝယ်ခရိုင် ကလိန်အောင်၊ ကံပေါက်၊ မလွှဲတောင်တွေဘက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသဆိုင်ရာ PDF တို့ တိုက်ပွဲတွေကြောင့် ကားလမ်းတွေကို ဖြတ်သန်းခွင့်မပြုဘဲ ယာယီပိတ်ထားတယ်လို့ ကားသမားတွေက ပြောပါတယ်။
တိုက်ပွဲအခြေအနေတွေကြောင့် နယ်မြေ မငြိမ်သက်မှုဖြစ်ပြီး ကားလမ်းကို ယာယီပိတ်ထားတာကြောင့် ထား၀ယ်-မြိတ်မြို့ကို ခရီးသွားပြည်သူတွေ ရေးမြို့မှာ ယာယီခိုလှုံ နေကြရတယ်လို့ ခရီးသွားတွေက ပြောပါတယ်။
ခရီးသွားတဦးက “ဒီနေ့နဲ့ဆို ၅ ရက်ရှိပြီ။ ရေးမြို့က ထမင်းဆိုင်မှာပဲ ကားရပ်ပြီး လမ်းပြန်ဖွင့်မဲ့အချိန်ကို စောင့်နေရင်း နောက်ထပ် ၃ ရက် ၄ ရက်လောက်တော့ ကြာအုံးမယ်” လို့ ပြောပါတယ်။
လမ်းပြန်ဖွင့်ဖို့ သောင်တင်နေကြတဲ့ ခရီးသွားတွေ ရာနဲ့ချီရှိတယ်လို့ ကားသမားတဦးက ဆိုပါတယ်။
အခုမေလဆန်းက စတင်ပြီး အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း တနင်္သာရီကို လာရောက်ပြီးတဲ့နောက် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့သလို စစ်ကောင်စီဘက်က တပ်အင်အား ဖြည့်တင်းလာတွေ ဆက်တိုက်လုပ်ဆောင်လာနေခဲ့တာပါ။
မွန်ပြည်နယ် ရေးမြို့နယ်အတွင်း သွားလာနေကြတဲ့ ယာဉ်တွေနဲ့ ခရီးသွားပြည်သူတွေကိုလည်း ရေးပြည်သူ့ကာကွယ်ရေးပျောက်ကျားတပ်ဖွဲ့ (YGF) က မေ ၁၂ ရက်မှာ အချက် ၄ ချက် သတိပေး မေတ္တာရပ်ခံထားပါတယ်။
ခရီးသည်ယာဉ်၊ အိမ်စီးကား၊ ကုန်တင်ယာဉ် ကားတွေကို ရေးမြို့နယ်အတွင်း ဖြတ်သန်းမောင်နှင်သွားလာတဲ့အချိန်ကို လိုက်နာကြဖို့၊ စစ်ကောင်စီကားတွေလို့ ယူဆရတဲ့ ကားတွေ တွေ့ရှိပါက ကပ်မလိုက်ကြဖို့နဲ့ ရောထွေးပြီး လုံးဝ လိုက်ပါခြင်း မပြုလုပ်ကြဖို့၊ ယာဉ်တွေအနေနဲ့ မြို့တွင်းမြို့ပြင် သွားလာတဲ့အခါ မှန်တံခါးကို အောက်ချထားကြဖို့နဲ့ ကားမှန်တွေမှာ စတေကာ အမဲတွေ ကပ်ထားပါက ခွာထားပေးဖို့၊ တိုက်ပွဲဖြစ်ပွားခဲ့ပါက ရှေ့ဆက်ပြီး မသွားကြဖို့နဲ့ လုံခြုံတဲ့ နေရာကို အမြန်ဆုံး ပြောင်းရွေ့ ပေးကြဖို့၊ တနေနဲ့ တနေရာ သွားပါက နယ်မြေ သတင်းကို နားစွင့်ပြီး သွားလာကြဖို့ သတိပေးထားပါတယ်။
ပြည်သူတွေအနေနဲ့ တော်လှန်ရေးလုပ်ငန်းစဉ်တွေ နှောက်နှေးမှု မဖြစ်စေဖို့ ပူးပေါင်း ပါဝင်ပေး သွားကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။