ချင်းတွင်းမြစ်ရိုးတလျှောက် စစ်ကောင်စီတပ်ရိက္ခာပို့လမ်းကြောင်းကို PDF ပူးပေါင်းအဖွဲ့ ကြားဖြတ်တိုက်

ချင်းတွင်းမြစ်ရိုးတလျှောက် စစ်ကောင်စီတပ်ရဲ့ ရိက္ခာထောက်ပို့လမ်းကြောင်းတွေကို မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက ဒေသခံ PDF ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်နေတယ်လို့ မတ္တရာဒေသခံ PDF ခေါင်းဆောင်တယောက်က ပြောပါတယ်။

စစ်ကောင်စီက အနောက်မြောက်တိုင်း စစ်ဒေသကို ထိုးစစ်ဆင်ရာမှာ လေကြောင်း၊ ကုန်းလမ်းအပြင် ချင်းတွင်းမြစ်ရိုးတလျှောက် ရေလမ်းခရီးကိုလည်း အသုံးပြုနေတာပါ။

စစ်ကိုင်းတိုင်း ကနီ၊ ယင်းမာပင်၊ မင်းကင်းဒေသတွေမှာ ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီ ထောက်ပို့လမ်းကြောင်းတွေကို ဒေသတွင်း PDF တွေက အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့သလို စစ်ကိုင်းနယ်စပ်၊ မန္တလေးတိုင်းအပိုင်ထဲက မတ္တရာမြို့နယ်မှာလည်း ဒေသတွင်း PDF တွေက ကြားဖြတ်တိုက်ခိုက် သိမ်းဆည်းတာတွေ ပြုလုပ်နေပါတယ်။

စစ်ကောင်စီက ထောက်ပို့လမ်းကြောင်းတွေကို ကိုယ်တိုင်မသယ်တော့ဘဲ ဒေသတွင်း စက်လှေတွေကို အသုံးပြုနေတာကြောင့် စစ်ကောင်စီလမ်းကြောင်းတွေကို ကူညီသယ်ဆောင်ပေးတာမလုပ်ဖို့ စက်လှေလုပ်ငန်းရှင်တွေကို PDFတွေက သတိပေးထားပါတယ်။

နဂါးညီနောင်အဖွဲ့(မတ္တရာ) တာဝန်ရှိသူတဦးက “မေလထဲမှာ နှစ်ကြိမ်ဖြစ်ခဲ့ပြီးပြီ။ ကာလတန်ကြေး ကျပ်သိန်း ၆၀ နဲ့ ၇၀ ကြားဖြစ်မယ်။ ဆန်အိတ်ပေါင်း ၃၀၊ ပဲဆီ စားဆီအားလုံး၊ နောက်တကြိမ်က ဓာတ်ဆီ ၇ ပေပါ ရတယ်ဗျ။ ဖွင့်တော့မကြည့်ရသေးဘူး။ ပြည်သူလူထုပစ္စည်း မဟုတ်ဘူးဆိုတာ သိနေရတယ်။ အတွင်းသတင်းကလည်း အတိအကျ ပေးခဲ့တယ်ပေါ့။ အဲ့ဒါကြောင့် ဖမ်းရခြင်းဖြစ်တယ်။ စစ်ဆေးတဲ့အချိန်မှာ ဟုတ်ပါတယ်ဆိုပြီး သူတို့ကိုယ်တိုင် ပေးပါတယ်။ နောက်နောင် စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ပစ္စည်းမှန်သမျှ မော်တော်ပေါ်မှာရှိတဲ့ဟာ အားလုံးသိမ်းမယ်။ လူကိုလည်း ထိရောက်စွာ အရေးယူမယ်။ နောက်နောင် ဒါမျိုး ထပ်ပြီးမလုပ်ကြဖို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

၏မေ ၁၀ ရက်က ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီ ထောက်ပို့လမ်းကြောင်းကို ဒေသတွင်း PDF မဟာမိတ်ပူးပေါင်းအဖွဲ့က ကြားဖြတ်သိမ်းယူခဲ့တာနဲ့ မိုင်းဆွဲတိုက်ခိုက်ခံရလို့ အထိနာခဲ့တာတွေကြောင့် စစ်ကောင်စီတပ်သားတွေဟာ မေ ၁၁ ရက်နေ့မှာ ယင်းမာပင်မြို့နယ်၊ နဘူးတောရွာကို ဝင်ရောက်အကြမ်းဖက်ခဲ့ပါတယ်။

နဘူးတောရွာမှာ စစ်သားတွေက နေအိမ် ၆ လုံးကို မီးရှို့ခဲ့ပြီး ကင်းစောင့်နေတဲ့ လူငယ်တယောက်ကို ပစ်သတ်ခဲ့ပါတယ်။

ရိုးမဖိုက်တာအဖွဲ့ (ယင်းမာပင်) တာဝန်ရှိသူတဦးက "မနေ့က ရေကြောင်းမှာ ကျနော်တို့ စစ်တပ်ကို ထောက်ပို့လုပ်တဲ့ ဆီပေပါ ၇ လုံးကို သိမ်းဆည်းတာရှိတယ်။ ဒီဘက်မှာ သူတို့ မိုင်းတလုံး အဆွဲခံရတာ၊ သူတို့ဘက်က အထိအခိုက် များတယ်ပေါ့။ အဲ့ဒါကြောင့် ဒီဘက်ကို ပြန်ဝင်တယ်လို့ ထင်တယ်။ မီးလောင်တာကတော့ ကင်းပုန်းတွေ့တော့ သူတို့ မသင်္ကာတာလည်း ဖြစ်နိုင်တယ်။ ပြီးတော့ ဒလန်လည်းပါတယ်လို့ ကြားတယ်ဗျ" လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် စစ်ကိုင်းတိုင်းထဲက မြို့နယ် ၃၇ ခုစလုံးမှာ တိုက်ပွဲတွေ နေ့စဉ်လိုလို ဖြစ်နေတာပါ။ လက်နက်နဲ့ လူအင်အား မမျှတာကြောင့် စစ်သားတွေက ကျေးရွာတွေကို ဝင်ရောက်အကြမ်းဖက်တိုင်း ဒေသခံ PDF တွေက ရွာသားတွေကို ကယ်ထုတ်ရုံပဲ တတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို စစ်ကောင်စီတပ်တွေ စစ်ကိုင်းဒေသတွင်းကို ဝင်ချင်တိုင်းဝင်ပြီး လုပ်ချင်တာ လုပ်လို့မရအောင် PDF တွေက မုံရွာ-ယာကြီး-ကလေးလမ်းပိုင်းကိုလည်း  ဧပြီ ၂၉ ရက်ကစပြီး တားမြစ် စစ်ဆေးနေပါတယ်။

//
More News
Up