Home
မြန်မာသတင်း
သထုံတွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး လင်မယား ၂ ဦး သေဆုံး
DVB
·
May 12, 2022

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝီယော်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်ပြီး လင်မယား ၂ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၉ တပ်က တိုက်ပွဲမရှိဘဲ ဝီယော်ကျေးရွာ အနီးပတ်ဝန်းကျင်ကို မေ ၁၁ ရက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ရော်ဘာခြံအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ရော်ဘာလာခြစ်တဲ့ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရပ်ကွက်နေ အသက် ၅၆ နှစ်အရွယ် ဦးချစ်ပိုနဲ့ အသက် ၄၉ နှစ်အရွယ် ဇနီးဖြစ်သူ ဒေါ်သဇင်လှိုင် အပါအဝင် အလုပ်သမားတဦး ကျည်ထိမှန်ခဲ့ပါတယ်။

လက်နက်ကြီးကျည်ကြောင့် ဒေါ်သဇင်လှိုင်ဟာ အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပြီး ဦးချစ်ပိုက သထုံမြို့နယ် ပြည်သူ့ဆေးရုံမှာ သေဆုံးသွားခဲ့သလို အလုပ်သမားကတော့ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ လက်နက်ကြီးကျည် ထိမှန်ပြီး သေဆုံးသွားတဲ့ လင်မယား ၂ ဦးကိုတော့ မေ ၁၂ ရက် နေ့လယ် ၁ နာရီအချိန်မှာ သိမ်ဆိပ်သုသာန်ကို ပို့ဆောင်သင်္ဂြိုဟ်သွားမယ်လို့ ဒေသခံတဦးက ပြောပါတယ်။

သေဆုံးသွားတဲ့ လင်မယား ၂ ဦးမှာ သားသမီး ၃ ဦး ကျန်ရှိခဲ့ပြီး အငယ်ဆုံးသမီးက အသက် ၇ နှစ်အရွယ်သာ ရှိသေးတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၉ တပ်ဟာ ပြီးခဲ့တဲ့ မတ်လတုန်းကလည်း သထုံမြို့နယ်၊ ကျောက်တောင်ကျေးရွာ ဘုရားပွဲအနီးကို လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၃ ဦး သေဆုံးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024