Home
မြန်မာသတင်း
လက်ပံတောင်းတောင် ကျေးရွာများကို စစ်တပ်က ဝင်မွှေနေ၊ ဖိုလ်ဝင်တောင်ကြော၌ စစ်ယာဉ်တန်း မိုင်းဆွဲခံရ
DVB
·
May 11, 2022

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသရှိ ကြေးနီစီမံကိန်းမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ပတ်ဝန်းကျင်ရွာတွေကို ဝင်ရောက်မွှေနှောက်နေသလို လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေတယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

ဝမ်ပေါင်မြန်မာနဲ့ မြန်မာယန်စီကုမ္ပဏီထဲမှာ စစ်ကောက်စီ စစ်သားတွေနဲ့ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီဝန်ထမ်းတွေ ပူးပေါင်းနေရာယူထားကြတာ ဖြစ်ပါတယ်။

ဆားလင်းကြီး ဒေသခံ ပြောက်ကျားတပ်ဖွဲ့တခုဖြစ်တဲ့ One Star Task Force ရဲ့ တာဝန်ခံက “ဇွဲထက်မြတ်ကုမ္ပဏီက ငှားထားတဲ့ ဝန်ထမ်းတွေနဲ့  (စစ် –) တွေ ရောပြီး လုံခြုံရေးယူထားတာ။ တရုတ်ကုမ္ပဏီတခုစီမှာ စစ်သား ၁၀၀ လောက်စီရှိနိုင်တယ်။ ဇွဲထက်မြတ်ကုမ္ပဏီက ငှားထားတဲ့ ဝန်ထမ်းတွေကိုလည်း စစ်သင်တန်းပေးထားတယ်လို့ သိရတယ်။ သူတို့ကို CDM လုပ်လာဖို့ ပြောထားတာ။ မလုပ်ကြဘူး။ အပြင်ပတ်လည်မှာ PDF တွေ ရှိတယ်ဆိုတာ သူတို့သိတာပဲ။ ဟိုအစောပိုင်းက ၁၁ ယောက်တော့ ထွက်လာဖူးတယ်” လို့ ပြောပါတယ်။

ဒီကာလမှာ ကြေးနီတူးဖော်တာမတွေ့ရပေမယ့် အရင်က တူးဖော်ထားတဲ့ ကြေးနီတွေကို တွဲကားတွေနဲ့ စစ်သားတွေ လုံခြုံရေးယူပြီး သယ်ယူနေတာ ၅ ကြိမ်လောက်ရှိပြီလို့လည်း သူက ဆက်ပြောပါတယ်။

ကုမ္ပဏီတွေရဲ့ အပြင်မှာလည်း ယင်းမာပင်ဘက်ကနေရောက်လာတဲ့ စစ်ကောင်စီတပ်သား ၁၀၀ လောက်က လုံခြုံရေးယူနေပြီး ရွာတွေကို နေ့စဉ်လှည့်သွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဝါးတန်း၊ ဖောင်းကား၊ ရွှေပန်းခိုင်၊ သဲကောကြီး၊ တည်ပင်ကန်ရွာတွေကို ဝင်မွှေတာ။ ဟိုနေ့ကဆို မိုးကြိုးပြင်နဲ့ ဖောင်းကာကြားမှာ အဲကောင်တွေပစ်လိုက်တဲ့ လက်နက်ကြီးတလုံးကျတယ်။ လယ်တီဘက်မှာလည်း အတွင်းကကောင်တွေပစ်လိုက်တဲ့ လက်နက်ကြီးကျပြီး အိမ်တလုံးပျက်တယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

ညဘက်တွေမှာ စီမံကိန်းပတ်လည်မှာရှိတဲ့ ရဲကင်းတွေကလည်း သေနတ်တွေနဲ့ ရမ်းပစ်ကြတယ်လို့ ဆိုပါတယ်။

ဒီလို အခြေအနေတွေကြောင့် တရုတ်စီမံကိန်းတွေထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်လာနိုင်တယ်လို့ One Star Task Force ရဲ့ တာဝန်ခံက ပြောပါတယ်။

ဒီစီမံကိန်းတွေရပ်တန့်ထားဖို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက သတိပေးစာထုတ်ထားပြီး ဝမ်ပေါင်ကုမ္ပဏီတာဝန်ရှိသူကလည်း စီမံကိန်းနယ်မြေထဲမှာ ရေမလျှံအောင် လုပ်ဆောင်တဲ့ဝန်ထမ်းတွေပဲ ရှိတယ်လို့ ပြန်လည် ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် မုံရွာ- ယင်းမာပင်-ပုလဲ သွားကားလမ်း ဖိုလ်ဝင်တောင်ကြောမှာတော့  ဒီနေ့ ညနေပိုင်းက စစ်ကောင်စီယာဉ်တန်းကို မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီယာဉ်တန်းသည် မုံရွာမြို့ကနေ ချင်းတွင်းမြစ်ကို​ဖြတ်ကူးပြီး ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးဆိပ်ကမ်းက တဆင့် ယင်းမာပင်မြို့ကို ထွက်လာတဲ့ ယာဉ်တန်းဖြစ်ပါတယ်။

ဒီညနေပိုင်းမှာ မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပဒေသာမိုင်းနဲ့ ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးနိုင်တယ်လို့ တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုခန့်က ပြောပါတယ်။

“ဘယ်လောက်သေဆုံး ဒဏ်ရာရတယ်တော့ ကျနော်တို့ အတိအကျမသိရဘူး။ လမ်းမှာတော့ သွေးစတွေနဲ့ မှန်ကွဲစတွေကိုတွေ့ရတယ်” လို့ ပြောပါတယ်။ 

စစ်ကောင်စီယာဉ်တန်းဟာ ယင်းမာပင်မြို့ကတဆင့် ပုလဲမြို့ဘက်ကို ဆက်လက်မောင်းနှင်သွားပြီး လမ်းတလျှောက် စက်သေနတ်မော်တာတွေနဲ့ ဒလစပ် ရမ်းပစ်ခတ်သွားခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

မနေ့ ည ၁၁ နာရီကျော်လောက်ကလည်း ယင်းမာပင်မြို့ကိုလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ယင်းမာပင်မြို့နယ် ကောင်းဆင့်ကျေးရွာနားမှာ မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဒေါင်းသွေးနီ တပ်ခွဲ ၁  တို့က ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။ 

အဲဒီတိုက်ခိုက်မှုကြောင့် ယာဉ်တန်းမှာပါတဲ့ ကား ၂ စီး လမ်းဘေးကို ထိုးကျသွားပြီး ကားပေါ်မှာပါတဲ့ စစ်ကောင်စီတပ်သားတွေထဲက ထိခိုက် သေဆုံးသူတွေကို ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးဆိပ်ကမ်းကတဆင့် မုံရွာကို ပြန်သယ်သွားတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024