Home
မြန်မာသတင်း
မြန်မာစစ်တပ်ကို လက်နက်ထောက်ပံ့သည့် ကုမ္ပဏီများအပါအဝင် အမည်ပျက်စာရင်းသွင်းခံ ကုမ္ပဏီ ၁၇၀ ကျော်ရှိလာ
DVB
·
May 10, 2022

မြန်မာအကြမ်းဖက်စစ်တပ်နဲ့ ဆက်နွှယ်နေပြီး လူ့အခွင့်အရေးချိုးဖောက်မှု၊ ဒါမှမဟုတ် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုဆိုင်ရာ အထောက်အထားတွေရှိတဲ့ ကုမ္ပဏီ ၅၆ ခုကို ယူကေအခြေစိုက် ဘားမားကမ်ပိန်းအဖွဲ့က ထပ်မံအမည်ပျက်စာရင်းသွင်းလိုက်ပြီးနောက်မှာ အမည်ပျက်စာရင်းသွင်းခံထားတဲ့ နိုင်ငံတကာကုမ္ပဏီပေါင်း ၁၇၂ ခုထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အဆိုပါ ကုမ္ပဏီလုပ်ငန်း ၁၇၀ ကျော်ထဲမှာ အများစုကတော့ အကြမ်းဖက်စစ်တပ်နဲ့ စီးပွားရေးချိတ်ဆက်မှု၊ လက်နက်၊ ဒါမှမဟုတ် တခြားစစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့တဲ့ လုပ်ငန်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘားမားကမ်ပိန်းအဖွဲ့ရဲ့ ဒါရိုက်တာ မာ့ခ်ဖန်မနာက “မြန်မာစစ်တပ်ကို ရန်ပုံငွေ၊ ဒါမှမဟုတ် (စစ်လက်နက်ပစ္စည်း)တပ်ဆင်ဖို့ ကူညီပေးနေတဲ့ နိုင်ငံတကာကုမ္ပဏီတွေကို ဆက်လက်ဖော်ထုတ်နေပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှု၊ အာဏာသိမ်းမှုနဲ့ ကလေးသူငယ်တွေကို မုဒိမ်းမှုကျူးလွန်တဲ့ စစ်တပ်နဲ့ ဆက်စပ်တဲ့ စီးပွားရေးပုံစံမျိုးဟာ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိပါဘူး”လို့ ပြောပါတယ်။

အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့လို နိုင်ငံတွေက လက်နက်ရောင်းချမှု ပိတ်ပင်ထားပေမယ့် ရုရှားနဲ့ အိန္ဒိယလို နိုင်ငံတွေဆီက လက်နက်တွေ ဝယ်နိုင်အောင် သူတို့ရဲ့ ကုမ္ပဏီတွေကို မြန်မာစစ်တပ်ကို ထောက်ပံ့ဖို့ ခွင့်ပြုထားတယ်လို့လည်း  မာ့ခ်ဖန်မနာက ပြောပါတယ်။ခုနောက်ဆုံးထုတ်ပြန်လိုက်တဲ့ ထပ်တိုးအမည်ပျက်စာရင်းသွင်းခံရတဲ့ နိုင်ငံတကာ ကုမ္ပဏီတွေ စာရင်းမှာတော့ မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်း အပိုပစ္စည်းတွေ ရောင်းချနေတဲ့ ရုရှားအခြေစိုက် ကုမ္ပဏီ ၁၅ ခု ပါဝင်နေပြီး ဗြိတိန် ကုမ္ပဏီ ၂ ခုနဲ့ အမေရိကန်ကုမ္ပဏီ ၃ ခု ပါဝင်တယ်လို့ ဆိုပါတယ်။ အမည်ပျက်စာရင်းသွင်းခံ ကုမ္ပဏီများစာရင်း အပြည့်အစုံကိုတော့ https://burmacampaign.org.uk/take-action/dirty-list/   ဝက်ဆိုက် လင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024