Home
မြန်မာသတင်း
ထိုးစစ်အမြန်ရပ်ပြီး အားလုံးပါဝင်အဓိပ္ပာယ်ပြည့်ဝသည့် ဆွေးနွေးမှုလုပ်ရန် KNU၊ KNPP နှင့် CNF တိုက်တွန်း
DVB
·
May 10, 2022

စစ်ကောင်စီအနေနဲ့ ထိုးစစ်ဆင်နေတာတွေအမြန်ဆုံးရပ်တန့်ပြီး ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ပါဝင်တဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးမှုလုပ်ဖို့ KNU၊ KNPP နဲ့ CNF တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့က မေလ ၉ ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ဧပြီလ ၂၂ ရက်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေကို ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ကြားခဲ့သလို စာတွေနဲ့လည်း ပေးပို့ဖိတ်ခေါ်ထားပါတယ်။

ပြည်ထောင်စုရဲ့ ပြဿနာကို နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုနဲ့အဖြေရှာရေးဟာ မိမိတို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေရဲ့ အစဉ်တစိုက် တောင်းဆိုခဲ့တဲ့ တောင်းဆိုချက်ဖြစ်ပေမဲ့ လက်ရှိ တိုင်းပြည်မှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ နိုင်ငံရေး အကျပ်အတည်းတွေကို တွေ့ဆုံဆွေးမယ်ဆိုရင်  stakeholders အားလုံး ပါဝင်ဖို့နဲ့  ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကနေ  ကြားဝင်စေ့စပ်ပေးတဲ့မျှတတဲ့ တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းအမှန် ဖြစ်ပေါ်လာမှာ ဖြစ်ကြောင်းလည်း အဖွဲ့ ၃ ဖွဲ့က ထုတ်ပြန်ပါတယ်။

ဒါကြောင့် စစ်ကောင်စီအနေနဲ့  လက်ရှိ ထိုးစစ်ဆင်မှုတွေကို အမြန်ဆုံးရပ်တန့်ပြီး ပါဝင်သင့်ပါဝင်ထိုက်တဲ့ stakeholder တွေအားလုံး ပါဝင်ပြီး အဓိပ္ပါပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးမှုကို ဖော်ဆောင်ဖို့အပြင် နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေကို စစ်ဘေးသင့်ပြည်လူထုတွေကို လွတ်လပ်စွာလူမှု ကူညီထောက်ပံ့မှုတွေ ဆောလျင်စွာ ဖိတ်ခေါ်ခွင့်ပြုဖို့လည်း တောင်းဆိုထားပါတယ်။

စစ်ကောင်စီရဲ့ဖိတ်ကြားချက်ကို မတက်ပဲ ငြင်းဆန်တဲ့အဖွဲ့အစည်းတချို့က ဖိအားပေးခံနေရပြီး ဖိအားမခံနိုင်လို့ ဒီဖိတ်ကြားချက်ကို တက်လာမယ့်အဖွဲ့ရှိနေလို့လည်းကြားသိရပါတယ်။

ဒီအပေါ် KNU ပြောရေးဆိုခွင့်ရှိသူ  ပဒိုစောတောနီးက “သွားတယ်မသွားဘူးဆိုတာကတော့ တဖွဲ့ချင်းစီရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်အပေါ်မှာ မူတည်တယ်လေ။ အဲဒီအပေါ်မှာ ကျလာမယ့်သူ့ရဲ့ ဖိအားပေးမှုဆိုတာကလည်း အဲဒီတဖွဲ့ချင်းစီရဲ့ ခုခံမှု အနေအထားတွေ၊ သူ့ရဲ့ပေါ်မှာမူတည်ပါတယ်။ ကျနော်တို့ ဝင်ပေးလို့မရပါဘူး။ နောက်တဘက်မှာ လှုပ်ရှားမှုတိုင်း၊ လှုပ်ရှားမှုတိုင်းမှာ သက်ရောက်မှုရှိတယ်ဆိုတာကတော့ ဘယ်နေရာမှာ သွားပြီးပေါ်နေတယ်ဆိုတော့ ကျနော်တို့ သွားတာမသွားတာ အဲဒီအပိုင်းဘာတွေ ဖြစ်လာမလဲ၊ ကျနော်တို့ ဘာမှ မပြောဘူးနော်။ ဒါပေမဲ့ ပြည်သူလူထုက အဲဒါကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။ ကျနော်တို့ ကေအန်ယူအနေနဲ့ကတော့ အခု လက်ရှိဘာမှမထူးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိကျနော်တို့ အလုပ်အမှုဆောင်အဖွဲ့ကနေပြီးတော့ မသွားဘူးလို့ သေချာ ဆုံးဖြတ်ထားပြီးသားဆိုတော့ ဒီအတိုင်း ရပ်တည်ဖို့ပဲ ရှိပါတယ်။”

နေပြည်တော် ငြိမ်းချမ်းရေးဆွေးနွေးပွဲမတက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို စစ်ကောင်စီဘက်က တုံ့ပြန်လာမယ့် အခြေကတော့ပြောလို့မရသေးကြောင်းနဲ့ အခုလည်း တိုက်ပွဲတွေဖြစ်နေတာဖြစ်လို့ ထူးခြားမှုရှိမယ်မထင်ဘူးလို့   ပဒိုစောတောနီးက ပြောပါတယ်။ 

“အဲဒီမတိုင်ခင်ကလည်း သူတို့က အမျိုးမျိုး ပြောနေကြတာပဲ။ ဒီပွဲကို တက်ရင်ဒီလိုဖြစ်မယ်။ မသွားရင် ငါဒီလိုဒီလို လုပ်လိုက်မယ်ဆိုတဲ့ ဆိုတာ သူက အစကတည်းက သူတို့စ ကြေညာကတည်းက ဒီလိုပဲ ပြောနေတာ။ အမှန်က အဲလိုမပြောခင်ကတည်းက ကျနော်တို့ဆီကို ထိုးစစ်ကြီးက ဆင်နေတာ ကြာလှပြီလေ။ အဲဒါလည်း ဘာမှအထူးအဆန်းမဟုတ်ဘူး။ တချို့ကမေးတယ် ဘာတွေများဖြစ်သေးလဲ၊ ခင်ဗျားတို့ ထုတ်ပြန်ကြေညာချက်ထုတ်ပြီးနောက်ပေါ့။ ဘာမှလည်း ထူးခြားတာ မရှိပါဘူး။ သူလုပ်နေကြ အတိုင်းပဲ ဆက်လုပ်နေတာပဲလေ။ တိုက်ပွဲဖြစ်တာကလည်း ဆက်ဖြစ်နေတာပဲ။ အခြေနေကအဲလို ရှိနေပါတယ်။ နောက်ပြီးတော့ ဒီဟာ ထုတ်တာနဲ့ပတ်သက်ပြီးတော့ တိုက်ပွဲတွေ ပိုဖြစ်လာမလား ဆိုတဲ့မေးခွန်းနဲ့ပတ်သက်ပြီး ဖြစ်လာမလားဆိုတာ သူတို့နဲပဲ ပတ်သက်တယ်လေ။ သူတို့ပေါ်မှာမူတည်တာပေါ့။ တနွေလုံးမှာ ကြိမ်းဝါးထားတာပဲ ထိုးစစ်အကြီးအကျယ်ထိုးဦးမယ်၊ နယ်မြေစိုးမိုးရေး အဓိက လုပ်လာတဲ့အခါမှာ။ ဒါပေမဲ့ သူ့ရဲ့ မှန်းချက်နဲ့နန်းထွက်က မကိုက်တဲ့ အနေအထားမှာ ရှိတဲ့အခါ အခုလည်း မိုးကလည်းကျပြီဆိုတော့ ကျနော်တို့က ဒီတိုင်းစောင့်ကြည့်ရမှာပေါ့။ ကိုယ်ဘက်ကတော့ ကိုယ့်ရဲ့ခုခံကာကွယ်ပိုင်ခွင့်က အပြည့်အဝ ရှိနေတဲ့အခါမှာကျတော့ ဘာမှတော့ မထူးဆန်းပါဘူး။ ကိုယ်လုပ်စရာရှိတာကိုတော့ ကိုယ်ဆက်လုပ်ရုံပဲ ရှိပါတယ်။ ပြည်သူလူထုအနေနဲ့တော့ ပြေးရင်းလွှားရင်းနဲ့တော့ မိုးကျလာတော့ပိုဆိုးတာပေါ့လေ။ ကျနော်တို့ကတော့ ပြောတာပေါ့လေ မတ်လကတည်းက ခင်ဗျားတို့ တပ်ဆုတ်ပါ၊ ကျနော်တို့လူတွေ အထူးသဖြင့် အိုင်ဒီပီတွေ ပြန်လာနိုင်အောင်၊ ဒါပေမဲ့ အဲဒါကို သူတို့ကတော့ တပ်တွေ အကြီးအကျယ်ပို့ပြီးတော့ အဲဒါနဲ့ပဲ ပြန်တုံ့ပြန်တဲ့အခါမှာ တိုက်ပွဲတွေက ဆက်ဖြစ်နေတာ အခု ထက်ထိမရပ်မနားဖြစ်နေတာပဲလေ။

စစ်ခေါင်းဆောင်ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးပွဲကို အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ရဲ့ ခေါင်းဆောင်တွေကတော့  မတက်ဘူးလို့ အသီးသီးထုတ်ပြန်ကြေညာထားပါတယ်။  အပစ်ရပ်လက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့ထဲက ၅ ဖွဲ့က မတက်ရောက်ဘဲ ကျန် ၅ ဖွဲ့က တက်ရောက်မှာ ဖြစ်ပါတယ်။ 

စစ်ခေါင်းဆောင်ဖိတ်တဲ့အစည်းအဝေး တက်ရောက်မယ်လို့ ပြောထားတဲ့ အဖွဲ့တွေဟာ စစ်ကောင်စီတပ်တွေနဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း တိုက်ပွဲတွေတကြိမ်မှ ဖြစ်ပွားခဲ့တာ မရှိတဲ့ အဖွဲ့တွေပါဝင်သလို  စစ်အာဏာရှင်တော်လှန်ရေးမှာလည်း ပူးပေါင်း ပါဝင်လုပ်ဆောင်ခဲ့တာလည်း မရှိတဲ့ အဖွဲ့တွေလည်း ပါဝင်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024