မန္တလေးတိုင်း၊ တွင်းငယ်ဘက်နေက ကချင်ပြည်နယ်ကို စစ်အင်အားပို့ဖို့တက်လာတဲ့ စစ်ကောင်စီတပ် ယာဥ်တန်းကို စစ်ကိုင်းတိုင်းမှာရှိတဲ့ အင်းတော် PDFက မေလ ၁၀ ရက် မနက် ၄ နာရီလောက်က ကျောင်းကုန်းနဲ့ အင်းတော်ကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီယာဥ်တန်းမှာ တွင်းငယ်ကနေ ထွက်ခဲ့စဥ်က စစ်ကား ၁၃ စီးဖြစ်ပြီး ထီးချိုင့် အရောက်မှာတော့ ၅ စီး ချန်ထားခဲ့ပြီး ကျန် ၈ နဲ့ တက်လာတဲ့အချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
“မနက် ၄ နာရီလောက်က တက်လာတဲ့ကားတွေကို ကျောင်းကုန်းနဲ့ အင်းတော်မှာကြားမှာ မိုင်း ၄ နေရာဆွဲပြီး တိုက်ခိုက်နိုင်ခဲ့တယ်။ ကားတစ်စီးထဲကို လက်ပစ်ဗုံးလည်း ပစ်ထည့်နိင်ခဲ့တယ်” လို့ အင်းတော် PDF ကပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီကားတစ်စီး ပျက်စီးခဲ့ပြီး ၇ စီးပဲ အထက်ဘက်ကို တက်လာတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်ဘက်ကို တက်လာတဲ့ ယာဥ်တန်းမှာ လက်နက်၊ ရိက္ခာတွေ တင်ဆောင်လာတာ မဟုတ်ဘဲ လူအင်အားတွေပို့ဆောင်တဲ့ ယာဥ်တန်းဖြစ်တယ်လို့သိရပါတယ်။
အင်းတော်မှာ မိုင်းဆွဲခံရပြီး အထက်ဘက်ကိုတက်လာတဲ့ ယာဥ်တန်းဟာ ပင်ဝယ်နဲ့ နဘား ကြားမှာလည်း ထပ်ပြီးမိုင်းဆွဲခံရပြီး လက်ရှိအချိန် သေဆုံးတဲ့သူတွေနဲ့ ဒဏ်ရာရတဲ့ စစ်သားတွေကို နန့်စီးအောင် မြိုင်သာယာ စာသင်ကျောင်းမှာ ဆေးကုသနေတယ်လို့လည်း သိရပါတယ်။
အင်းတော်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်သားတွေက စစ်အားတိုးချဲ့ပြီး စစ်ကြောင်းတွေနဲ့ သွားနေတာတွေလည်း ရှိနေပါတယ်။
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာလည်း မနေ့က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ယောက်လောက်သေပြီး အယောက် ၅၀ လောက်ကို မိုင်းကွင်းထဲမှာ မိုင်းခွဲနိုင်ခဲ့တယ်လို့ CDF Mindat က ထုတ်ပြန်ပါတယ်။
မနက် ၁၁ နာရီလောက်ကနေ နေ့လယ် ၁ နာရီအချိန်ထိ မိုင်တိုင် ၂၅ မှာ အနီးကပ်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ယောက်လောက်သေခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအချိန်မှာပဲ မိုင်းကွင်းထဲရောက်လာတဲ့ စစ်သား အယောက် ၂၀ လောက်ကို အောင်အောင်မြင်မြင် မိုင်းခွဲနိုင်ခဲ့ပြီး အများအပြားသေဆုံးဒဏ်ရာရသွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မိုင်တိုင် ၂၄ မှာလည်း စစ်ကောင်စီရှေ့ပြေးအဖွဲ့ အယောက် ၃၀ လောက်ဟာ မိုင်းကွင်းထဲကို ဝင်လာလို့ထပ်ပြီး မိုင်းခွဲတာမှာ အများကြီး ထိခိုက်သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။