ထိုင်း-မြန်မာနယ်စပ်၊ တာခ်ခရိုင်မှာ မေ ၉ ရက်က တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေတင်ဆောင်လာတဲ့ ကားတစီး တောင်အောက်ကိုထိုးကျပြီး တိမ်းမှောက်ရာမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား တယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာ ရသွားတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
ထိုင်းနိုင်ငံကို မိသားစုစားဝတ်နေရေးအတွက် အသက်စွန့် အလုပ်သွားလုပ်ကြတဲ့ မြန်မာအလုပ်သမားတွေဟာ ကရင်ပြည်နယ်၊ ဘားအံခရိုင်မှ မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်ကို ဖြတ်ကာ ထိုင်းနိုင်ငံ၊ တာခ်ခရိုင်၊ မဲ့လမတ်မြို့အနီး ထီးနားမှုးရွာ ရပ်ကွက် ၁၁ မှာ ယာဉ်တောင်အောက်ထိုးကျ တိမ်းမှောက်သွားတာ ဖြစ်ပါတယ်။
ကားအထဲမှာ တရားမဝင်မြန်မာလုပ်သမား အမျိုးသား ၁၂ ယောက်၊ အမျိုးသမီး ၉ ယောက် ပါရှိပြီး တယောက်ကတော့ ပွဲခြင်းပြီး သေဆုံးခဲ့ကာ ဒဏ်ရာရသူ ၈ ယောက်ကိုတော့ မဲ့လမတ်ဆေးရုံကို ပို့ဆောင်ကုသပေးနေတယ်လို့ သိရပါတယ်။
ရွှေ့ပြောင်း မြန်မာလုပ်သားတွေဟာ ပြည်တွင်းမှာ အလုပ်ရှားပါးတာ၊ လစာရ နည်းတာတို့ကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံကို တရားမဝင်ရော တရားဝင်နည်းလမ်းနဲ့ပါ နည်းလမ်းမျိုးစုံနဲ့ ထွက်ခွာကာ အလုပ်ရှာလုပ်ကြတာ ဖြစ်ပါတယ်။
မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ် - ၁ မဖွင့်သေးပေမဲ့ မေ ၁၀ ရက်မှာတော့ နှစ်နိုင်ငံ သဘောတူချက်အရ မြဝတီ- မဲဆောက် မြန်မာ- ထိုင်းချစ်ကြည်ရေးတံတားအမှတ်- ၂ ကနေ MOU စာချုပ်ထားတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၂၀၀ လောက် ထိုင်းနိုင်ငံဘက်ကို ပထမဆုံးအကြိမ် ပို့ဖို့ရှိတယ်လို့ နှစ်နိုင်ငံဆက်ဆံရေး တာဝန်ရှိသူတွေနဲ့ နီးစပ်သူက ပြောပါတယ်။