ရှမ်းလူငယ်ကွန်ရက်ခေါင်းဆောင် ၁ ဦးနှင့် တခြားလူငယ် ၁ ဦးတို့ကို စစ်တပ်က အဓမ္မ ခေါ်သွားပြီးနောက် သေဆုံး

မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်များ ကွန်ရက် (TYN)ရဲ့ ဦးဆောင်ကော်မတီ၀င်တယောက်နဲ့ သူ့ သူငယ်ချင်းတို့ဟာ စစ်တပ်ရဲ့  အဓမ္မခေါ်ဆောင်ခံခဲ့ရပြီး တိုက်ပွဲထဲမှာ သေဆုံးခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်များကွန်ရက် (TYN)ရဲ့ ဦးဆောင်ကော်မတီ၀င်ဖြစ်သလို ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ရဲ့ အတွင်းရေးမှူးအဖွဲ့၀င်လည်းဖြစ်တဲ့ စိုင်းစံလှနဲ့ သူ့ရဲ့ သူငယ်ချင်းစိုင်းဆိုင်ဟန်တို့ဟာ မေ ၄ ရက်က သူတို့ရဲ့ ပစ်ကပ်ကားနဲ့ ကွတ်ခိုင်ကနေ မူဆယ်ကို ခရီးထွက်လာရင်း မူဆယ်ကနေ ၁၆ မိုင်လောက်ဝေးတဲ့ နမ်းပေါ်တံတားပေါ်မှာ စစ်တပ်က တားဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

ခြေလျင်တပ်မ-၉၉ က စစ်ကောင်စီတပ်သား ၁၅ ယောက်လောက်က တားဆီးခဲ့တာဖြစ်ပြီး ကားပေါ်မှာ အဓမ္မလိုက်ပါခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

သူတို့ကားဟာ အဲဒီနေ့ ညနေ ၅ နာရီခွဲလောက်မှာ  နားမွန်းကျေးရွာအုပ်စု မော်တောင်းရွာနားကို အရောက်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ကြားဖြတ် တိုက်ခိုက်တာကို ခံခဲ့ရပြီး  စိုင်းစံလှရဲ့ ရင်ဘတ်၊ ခြေထောက်နဲ့လက်၊ စိုင်းဆိုင်ဟန်ရဲ့ ၀မ်းဗိုက်၊ ဦးခေါင်းနဲ့ လက်ကောက်၀တ်တို့ကို ထိမှန်ခဲ့ပြီး ကားဟာလည်း လမ်းပေါ်မှာ ပက်လက်လန်တိမ်းမှောက်သွား တယ်လို့ ဆိုပါတယ်။ 

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁၀ ယောက်နဲ့အထက် သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

သူတို့ကားနောက်ကနေ နောက်ထပ်ကားတစီးနဲ့ လိုက်ပါလာတဲ့ စိုင်းစံလှတို့ရဲ့ သူငယ်ချင်း ၂ ယောက်ဟာ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း အဲဒီနေရာကို ရောက်လာခဲ့ပေမဲ့ နောက်ထပ်ရောက်လာတဲ့ စစ်သားတွေက သူတို့ကို ဆက်မောင်းသွားခိုင်းခဲ့ပါတယ်။

ဒါကြောင့် သူတို့ဟာ မိုင်းယု ၁၀၅ မိုင်ရွာကို ရောက်တဲ့အခါ စိုင်းစံလှတို့ကို ဆေးရုံပို့ပေးဖို့ ဒေသခံ လူမှုကူညီရေးအသင်းကို အကူအညီတောင်းပြီး အဲဒီအသင်းက သွားရောက်ခဲ့ပေမဲ့ ရုပ်အလောင်းတွေကို သယ်ခွင့်မပေးဘူးလို့ ဆိုပါတယ်။

ဒါကြောင့် မူဆယ်ကို ရောက်ပြီးနောက်မှ လူမှုရေးအသင်းတွေက ကားအများအပြားနဲ့ အဲဒီနေရာကို သွားခဲ့ပြီး ည ၇ နာရီခွဲမှ ရုပ်အလောင်းတွေကို သယ်ယူခွင့်ရခဲ့ပါတယ်။ ရုပ်အလောင်းတွေကို မူဆယ်မြို့မှာ မေ ၅ ရက် ညနေပိုင်းက မီးသင်္ဂြိုဟ်ခဲ့ပါတယ်။

စိုင်းစံလှဟာ ကျောက်မဲမြို့ကဖြစ်ပြီး စိုင်းဆိုင်ဟန်ဟာလည်း အဲဒီဒေသရဲ့ လူမှုရေးလုပ်ငန်းတွေမှာ ပါ၀င်ဆောင်ရွက်နေသူဖြစ်တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။

//
More News
Up