အာဏာသိမ်းစစ်ကောင်စီက ရုပ်ရှင်ရုံတွေကို ဧပြီ ၁၇ ရက် နှစ်ဆန်း ၁ ရက်မှာ ပြန်ဖွင့်လှစ်ခဲ့ပေမယ့် ရန်ကုန်မှာရှိတဲ့ ပြည်သူတွေက အများပြည်သူရုံးပိတ်ရက်လို စနေ၊ တနင်္ဂနွ အားလပ်ရက်တွေမှာတောင် ကြည့်ရှုသူမရှိဖြစ်နေတယ်။
လက်ဖွင့်လှစ်ထားတဲ့ ရုပ်ရှင်ရုံတွေမှာ မကြာသေးခင်ကမှ အကျဉ်းထောင်ကနေပြန်လွတ်လာတဲ့ သရုပ်ဆောင် ပိုင်တံခွ န်ပါဝင်ထားတဲ့ မှောင်တိုက် ရုပ်ရှင်ဇာတ်ကားနဲ့ လိပ်ပြာထောင်ချောက် ဇာတ်ကားတို့ကို ရုံတင်ပြသနေပေမယ့် ကြည့်ရှုသူမရှိဘူးလို့လည်း သိရပါတယ်။
စနေ၊ တနင်္ဂနွေဆိုရင် လာကြည့်တဲ့သူ သုံး လေးယောက်လောက်ရှိပေမဲ့ ရုံးဖွင့်ရက်ဆိုရင်တော့ လူမဝင်သလောက်ပါပဲလို့ မင်္ဂလာ ရုပ်ရှင်ရုံက လက်မှတ်ရောင်းဝန်ထမ်းက ပြောပါတယ်။
ရုပ်ရှင်ကြည့်တဲ့သူတွေမရှိတာကြောင့် အချိန်ပိုင်းသာရရှိနေတဲ့ လျှပ်စစ်မီးအခြေအနေနဲ့ ဖွင့်လှစ်ထားရတဲ့ ရုပ်ရှင်ရုံတွေဟာ ဝင်ငွေထက် လောင်စာဆီဖိုး၊ ဝန်ထမ်းစရိတ်နဲ့ အထွေထွေ အသုံးစရိတ် စတဲ့ ထွက်ငွေကပိုများနေတဲ့အတွက် ရေရှည်မှာ ဆက်လက်ဖွင့်လှစ်နိုင်ဖို့မလွယ်ဘူးလို့ ရုပ်ရှင်ရုံပိုင်ရှင်တွေက ပြောဆိုနေကြပြီး ယာယီပြန်ပိတ်ဖို့လည်း တောင်းဆိုနေကြပါတယ်။
အဲ့ဒါကြောင့်လည်း ရုပ်ရှင်ရုံတွေ ပြန်လည်ဖွင့်လှစ်ရာမှာ တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို ပေါင်းစပ်ညှိနှိုင်းတဲ့အစည်းအဝေးကို ရန်ကုန်မြို့ ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှာ ဒီလ ၆ ရက်က ပြုလုပ်ခဲ့ပါတယ်။
အဲဒီအစည်းအဝေးမှာ စစ်ကောင်စီခန့် ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ရုပ်ရှင် အနုပညာလောက ပြန်လည်နိုးထလာမှာကို မနာလိုသူတွေက ရုပ်ရှင်ရုံတွေပြန်လည်ဖွင့်လှစ်တာကို နှောက်ယှက်ဟန့်တားနေတယ်လို့ ပြောသွားပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် ၂ နှစ်ကျော်လောက် ပိတ်ထားခဲ့ရတဲ့ရုပ်ရှင်ရုံတွေကို ကိုဗစ်ကပ်ရောဂါမပြီးဆုံးသေးပေမယ့် ပြည်သူတွေ ပုံမှန်လည်ပတ်နေတာကို ပြသချင်တဲ့ စစ်ကောင်စီက ရုပ်ရှင်ရုံပေါင်း ၆၀ ကို ကိုဗစ်ဆိုင်ရာစည်းမျည်းတွေ လျှော့ချပြီး အတင်းအကျပ် ဖိအားပေး ပြန်လည်ဖွင့်လှစ်ခိုင်းခဲ့တာပါ။
ဒါပေမဲ့ စစ်ကောင်စီကို အယုံအကြည်မရှိတဲ့ ပြည်သူလူထုကတော့ စစ်ကောင်စီလက်အောက်မှာ အကောင်အထည်ဖော်နေတဲ့ လုပ်ငန်းတွေမှာ တတ်နိုင်သမျှမပါဝင်ဘဲ ဆန့်ကျင်နေကြတာလည်း ဖြစ်ပါတယ်။