Home
ဆောင်းပါး
အာဆီယံ၊ ယူအန်နဲ့ မင်းအောင်လှိုင် သက်ဆိုးရှည်ရေးစီမံချက်
DVB
·
May 9, 2022

ပျင်းစရာကောင်းလောက်အောင် ဖြည်းဖြည်းသွားနေတဲ့ အာဆီယံရဲ့ မြန်မာ့အရေး ကိုင်တွယ်မှုဟာ နည်းနည်းတော့ အလှုပ်အခတ်တွေရှိလာခဲ့တယ်။ အသံသာ ကျယ်ပြီး အဆံမအောင်တဲ့ မြန်မာ့အရေး အာဆီယံမူ ၅ ရပ် တစ်နှစ်ပြည့် ၂၀၂၂ ဧပြီ ၂၄ ရက်ကစလို့ APHR (လူ့အခွင့်အရေးအတွက် အာဆီယံအမတ်များအဖွဲ့)ရဲ့ အိတ်ဖွင့်ပေးစာက ငြိမ်နေတဲ့ ကန်ရေပြင်ပေါ် ခဲတစ်လုံး ကျသွားသလို ဂယက်တွေ ထလာခဲ့တယ်။

အဲဒီအိတ်ဖွင့်ပေးစာ ထွက်ပေါ်အပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဖေဖော်ဝါရီက ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမတိုင်ခင် သူ့အနေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ခေါင်းဆောင်တို့နဲ့ အလွတ်သဘော တွေ့ဆုံခဲ့တယ်လို့လည်း ထုတ်ဖော်ပြောကြားခဲ့တယ်။ (အခု နောက်ဆုံးရရှိတဲ့ သတင်းက မလေးရှား အစိုးရအနေနဲ့ NUG၊ NUCC တို့နဲ့ ဆက်ဆံသွားမယ်လို့ ဆိုတယ်။)

နောက်ထပ် သိပ်မကြာခင်မှာပဲ အာဆီယံကို NUG အစိုးရနဲ့ အလွတ်သဘော ထိတွေ့ဆက်ဆံဖို့ မလေးရှားအစိုးရ အကြံပြုမယ်လို့ အတိအလင်း ထပ်ပြောလိုက်ပြန်တယ်။ ဒါ့အပြင် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီ နှစ်ဆတိုးပေးဖို့နဲ့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ အနေအထားနဲ့ လုပ်ငန်းတွေ ပိုမိုခိုင်မာအောင် နည်းလမ်းတွေ ရှာဖွေရေးတို့ကိုလည်း မေ ၁၁ ရက် ကျင်းပမယ့် မြန်မာ့အရေး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အလွတ်သဘော အစည်းအဝေးမှာ အဆိုပြုမယ်လို့ သိရတယ်။

မြန်မာပြည်သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို နေ့စဉ် သတ်ဖြတ်ဖျက်ဆီးနေတဲ့ အကြမ်းဖက် စစ်အုပ်စုကတော့ အာဆီယံနဲ့ NUG အထိအစပ် အဆိုပြုမယ်လည်းဆိုရော ချက်ချင်းကို ထ ကန့်ကွက်ပါတယ်။ အကြမ်းဖက်အားပေး မလုပ်နဲ့လို့လည်း အတည်ပေါက်တွေ၊ ပြောင်းပြန်တွေနဲ့ အာဏာရှင်ပီသစွာ လှမ်းရန်လုပ်လိုက်သေးတယ်။

မေ ၂ ရက်နေ့မှာတော့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်နဲ့ မြန်မာ အကြမ်းဖက်ဂိုဏ်းချုပ် မင်းအောင်လှိုင်တို့ အွန်လိုင်းကနေ တွေ့ကြတယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ ဝါဒဖြန့်ချိရေးလက်တံတခုဖြစ်တဲ့ Popular News ကတော့ အဲဒီဆွေးနွေးပွဲမှာ မင်းအောင်လှိုင် ပြောသမျှကိုသာ တဖက်သတ် သတင်းထုတ်ပြန်ခဲ့တယ်။

ဟွန်ဆန်က အာဆီယံအထူးကိုယ်စားလှယ်ကို သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ခွင့်ပြုဖို့၊ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးမှု ဖြစ်မြောက်ရေးအတွက် သက်ဆိုင်သူ အားလုံးပါဝင်ဖို့ အရေးကြီးကြောင်းနဲ့ တရားဥပဒေ စိုးမိုးရေးကို ထိန်းသိမ်းတဲ့အနေနဲ့ အင်အားအလွန်အကျွံသုံးတာ ရှောင်ဖို့ အရေးကြီးကြောင်း ပြောကြားခဲ့တယ်တဲ့။

ပြောလို့သာ ပြောရတာ။ ဟွန်ဆန် ပြောသမျှ ဘာတခုမှ လုပ်မပေးနိုင်ဘူး ဆိုတာကတော့ အားလုံးက သိပြီးသားလို့ ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတကာအသိုက်အဝန်းအကြား  ပြန်လည်ထိတွေ့ဆက်ဆံခွင့်ပေးရေးဆိုတာ  မင်းအောင်လှိုင် ဆတ်ဆတ်တုန် ကြောက်ရတဲ့ကိစ္စ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဩဇာနဲ့ အရှိန်အဝါကို အလိုလိုရှိန်ခဲ့ရပြီးသားမို့ အဲဒီဩဇာနဲ့ အရှိန်အဝါကို မရမက သော့ခတ် သိမ်းထားဖို့ကိုပဲ မင်းအောင်လှိုင် အာရုံကျတော့တယ်။ နောက်ဆုံး မဖြစ်မနေ ပေးတွေ့ရမယ်ဆိုရင်တောင် ရှေ့တလှမ်း  ထပ်တိုးလို့မရအောင် ကန့်သတ်ထားပြီးသား အလုပ်မဖြစ်တဲ့ တွေ့ဆုံမှုမျိုး။

မင်းအောင်လှိုင် အာဏာသိမ်းတာကိုက သူ့အာဏာ သေတပန်တည်မြဲရေးနဲ့ စစ်အာဏာရှင်တွေ ဆက်လက်အဓွန့်ရှည်ရေးအတွက် ဖြစ်တယ်။ ထပ်ပြီးပြောရရင် သူတို့စစ်အုပ်စုဝင်တွေဖြစ်တဲ့ ကြံ့ဖွံ့ပါတီနဲ့ စစ်တပ်အနေနဲ့ ဒီဘဝမှာ ၂၅ ရာခိုင်နှုန်း အသာစီးယူထားတာတောင် မှန်မှန်ကန်ကန် ယှဉ်ပြိုင်ကြေးဆို ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ဘယ်တော့မှ မနိုင်တော့ဘူးဆိုတာ ကောင်းကောင်းသဘောပေါက်ခဲ့တဲ့အတွက် သူတို့အာဏာရနိုင်တဲ့နည်းနဲ့ အာဏာသိမ်းလိုက်ခြင်း ဖြစ်တယ်။

သူတို့ သိမ်းလိုက်တဲ့ အာဏာအဓွန့်ရှည်ရေးအတွက် အမြဲတမ်း လိုအပ်ချက်ဟာ ဒေါ်အောင်ဆန်းစုကြည်၊ NLD ပါတီနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ပါတီတွေအားလုံး မြန်မာ့နိုင်ငံရေး စင်မြင့်ပေါ် နောက်တကြိမ် မရောက်ရှိလာရေးပဲ ဖြစ်တယ်။ ဒါ့ကြောင့် ဘယ်သူ ဘာပြောပြော ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး လုံးဝအစဖျောက်ရေး ဆိုတဲ့ သူ့ရည်မှန်းချက်ကို စွန့်လွှတ်မှာမဟုတ်ဘူးလို့ ထင်တယ်။

မင်းအောင်လှိုင်က ပြည်သူအပေါ် အကြမ်းဖက်မှုကိုလည်း မလျှော့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ပေးမတွေ့နိုင်၊ NUG အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဆိုတာလည်း အဝေးကြီး။ အထက်မှာ ဆိုခဲ့သလို မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံနဲ့ NUG ထိတွေ့ဆက်ဆံမှုအထိ အဆိုပြုလာမယ့် အနေအထား။ ပြီးတော့ မကြာမီ ကျင်းပတော့မယ့် အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အာဆီယံ မူ ၅ ရပ်ကို တစ်နှစ်တာ အဖက်မလုပ်ခဲ့မှုအရ နောက်ထပ် တိုးလာနိုင်ခြေရှိတဲ့ ဖိအား။

နောက်ထပ် အဆိုးဆုံးအခြေအနေတစ်ခုက မင်းအောင်လှိုင်ကိုယ်တိုင် တွေ့မယ်ဆိုတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟာ အပျော်တမ်းအဆင့် ကြက်ဝိုင်းလောက်တောင် လူမစည်နိုင်တာပါပဲ။ အခုနောက်ဆုံး သိရတဲ့ သတင်းက အပစ်ရပ်အဖွဲ့ ၅ ဖွဲ့သာ မင်းအောင်လှိုင်နဲ့ တွေ့မယ်ဆိုတော့ လူ ၁၀ ဦးကျော်နဲ့ ပွဲပြီးရမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်မှာ သေချာပါတယ်။ တကယ်တော့ မင်းအောင်လှိုင် ပြောနေတဲ့ ငြိမ်းချမ်းရေးဆိုတာ အာဆီယံ မူ ၅ ရပ်က ပြောတဲ့ အားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို ဖုံးကာ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို လှမ်းလိုက်တဲ့ ပထမခြေလှမ်း ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီခြေလှမ်းဟာ ကြက်ဝိုင်းလောက် လူမစည်တဲ့ ဆွေးနွေးပွဲအဖြစ် အလုပ်မဖြစ်ရုံတင်မက ဆွေးနွေးပွဲမတက်တဲ့ အပစ်ရပ်အဖွဲ့တွေကို ဘယ်လိုသဘောထားမလဲ ဆိုတာနဲ့ အဲဒီ အပစ်ရပ်အဖွဲ့တွေကရော စစ်အုပ်စုကို ဘယ်လိုသဘောထားမလဲဆိုတဲ့ ပြဿနာလည်း ရှိလာနိုင်ပါတယ်။ ပြောရရင် မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုဟာ ဟိုလိုလို ဒီလိုလို လုပ်နေတဲ့ အပစ်ရပ်အဖွဲ့တွေကို ဘယ်သူ ဘယ်ဘက် ရပ်မလဲလို့ အားလုံးရဲ့ရှေ့ ခပ်ပြတ်ပြတ် မေးခွန်းထုတ်လိုက်သလို ဖြစ်နေတယ်။

ဒီကြားထဲ မင်းအောင်လှိုင်ဘက် အပစ်ရပ် ၅ ဖွဲ့ထဲက ‘ကျနော်တို့ အင်အားမရှိလို့ စစ်တပ်ကို ကြောက်လို့သာ ဆွေးနွေးပွဲသွားတက်တာ’လို့ ဆိုကာ ခြံစည်းရိုးပေါ် ခွထိုင်၊ PDF တွေကို ကူညီပါရစေဆိုပြီး တချိန်ချိန်အတွက် ကြိုခြေလှမ်းပြင်ထားမယ့်အဖွဲ့တွေလည်း ရှိနေနိုင်တော့ မင်းအောင်လှိုင် ငိုချင်းချရမယ့်နေ့တွေ ပိုနီးလာနိုင်တာပေါ့။

အဲဒီလို ဘက်စုံအခြေမလှတဲ့အနေအထားမှာ မိုက်မိုက်မဲမဲ စိတ်ကူးယဉ်နေတဲ့ အာဆီယံနဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံတွင်း လူသားချင်းစာနာမှုအကူအညီပေးရေးဟာ မင်းအောင်လှိုင်အတွက် အသက်ရှူချောင်စေခဲ့တယ်။

ပထမတစ်ချက်က မြန်မာနိုင်ငံတွင်း လူသားချင်း စာနာမှုအကူအညီပေးရေးကို လက်ခံခြင်းဟာ အာဆီယံမူ ၅ ရပ်ကို အတတ်နိုင်ဆုံး လိုက်နာဖို့ ကြိုးစားနေပါတယ်လို့ သက်သေပြရာ ရောက်ခြင်းဖြစ်တယ်။

ဒုတိယတစ်ချက်ကတော့ လူသားချင်းစာနာမှု အကူအညီပေးရေးကို အမျိုးသားညီညွတ်ရေးအစိုးရ မပါ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ မပါဘဲ စစ်အုပ်စု တဘက်တည်းနဲ့သာ လုပ်ဆောင်နိုင်ခြင်းပါပဲ။ ပြောရရင် အာဆီယံရော ကုလကပါ စစ်အုပ်စုနဲ့သာ တဖက်သတ် ဆက်ဆံရေး နောက်ခြေတစ်လှမ်း ဆက်လှမ်းလိုက်ခြင်းဖြစ်ပြီး အားလုံးတွေ့ဆုံ အဖြေရှာရေးဆိုတဲ့ မြန်မာ့အရေးအာဆီယံမူ ၅ ရပ်ကို အာဆီယံရော ကုလသမဂ္ဂကပါ  ချိုးဖောက်ခဲ့ခြင်း ဖြစ်ပါတယ်။

တတိယအချက်က လူသားချင်းစာနာမှု အကူအညီပေးရေးကနေတဆင့် စစ်အုပ်စု အသက်ဆက်နိုင်ရေးအတွက် အချိန်ဆွဲခွင့် ထပ်ပေးသလို ဖြစ်ခြင်းပါပဲ။ အခု အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားက တဖွဖွ ရေရွတ်ကာ နိုင်ငံတကာကို နှပ်ကြောင်းပေးနေတဲ့ စစ်အုပ်စု အာဆီယံမူ ၅ ရပ် ဖော်ဆောင်လာအောင် တဖြည်းဖြည်း တရွေ့ရွေ့ သွားရမယ်ဆိုတဲ့ လမ်းကြောင်း စတင်ပုံပေါ်လာခြင်း ဖြစ်တယ်။

အဲဒီလမ်းကြောင်းဟာ စစ်အုပ်စု သက်ဆိုးရှည်ရေးအတွက် ကမ္ဘောဒီးယားနဲ့ မြန်မာ ဒါမှမဟုတ် တရုတ်၊ ကမ္ဘောဒီးယား၊ မြန်မာ အာဏာရှင် ၃ နိုင်ငံရဲ့ နောက်ကွယ်မှာ လက်ဝါးချင်းရိုက်ထားတဲ့ မြန်မာ့မြေပေါ်  ဒီမိုကရေစီ အသက်မဝင်ရေး အိပ်မက်လည်း ဖြစ်နိုင်ပါတယ်။

တကယ်တော့ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေတဲ့ စစ်ဘေးသင့် မြန်မာပြည်သူအားလုံး နီးပါးဟာ ပြည်သူတွေ နေထိုင်ရာဒေသတွေပါ မချန် စစ်အုပ်စုက စစ်ကြောင်းထိုး ပစ်ခတ်လို့ ထွက်ပြေးခဲ့ရသူတွေနဲ့ စစ်တပ်က ရွာထဲဝင်၊ မီးရှို့ လုယက်လို့ ထွက်ပြေးခဲ့ကြရသူတွေချည်း ဖြစ်တယ်။

အခု နိုင်ငံတကာက မြန်မာပြည်သူတွေကို လှူဒါန်းမယ့်အကူအညီတွေကိုတောင် အခွန်ကောက်မယ်လို့ ပြောထွက်ရဲတဲ့ စစ်အုပ်စုက သူတို့ ပစ်ခတ်သတ်ဖြတ် မီးရှို့လို့ ထွက်ပြေးခဲ့ရ၊ ထွက်ပြေးနေရတဲ့ ပြည်သူတွေအပေါ် စေတနာရှိမလားဆိုတာ အငြင်းပွားစရာမလိုအောင် ရှင်းလှပါတယ်။ ပြီးတော့ နိုင်ငံတကာအကူအညီတွေ ပြည်သူ့လက်ထဲကို စစ်အုပ်စု အဟန့်အတားမရှိဘဲ ပေးခွင့်ရမလားဆိုတာ မေးခွန်းထုတ်ချင်စရာပါ။ လက်ရှိအချိန်ထိ ရွာတွေထဲ မင်းအောင်လှိုင် တပ်တွေ ဝင်မွှေလုယက်၊ မီးရှို့ ဖျက်ဆီးနေတဲ့အတွက် ပြည်သူတွေ လက်ထဲ ရောက်လာတဲ့ အကူအညီတွေကို နောက်တစ်ရက် စစ်တပ်က လာမသိမ်းဘူး၊ ရွာကို မီးလာမရှို့ဘူးလို့ ဘယ်သူက အာမခံနိုင်မလဲ။ ပြောရမယ်ဆိုရင် စစ်တပ်က ပြည်သူတွေကို ပစ်မှတ်ထားပြီး နည်းလမ်းပေါင်းစုံနဲ့ ယုတ်မာပက်စက်နေတာကို ဟန့်တားနိုင်စွမ်းမရှိရုံမက ဒီလိုအပြုအမူတွေအပေါ် တခွန်းတလေမျှ ကန့်ကွက်ခြင်း မရှိဘဲ စာနာမှုအကူအညီပေးရေးကိုသာ အာဆီယံနဲ့ ကုလအထူးကိုယ်စားလှယ်တို့က မျက်လုံစုံမှိတ်လုပ်နေတာ အံ့အားသင့်ရသလို ပလိုင်းပေါက်နဲ့ ဖားကောက်မှာလားဆိုတာ စောင့်ကြည့်ရပါမယ်။

အာဆီယံ အထူးကိုယ်စားလှယ်တင်မက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး အထူးကိုယ်စားလှယ် ဒေါက်တာနိုလင်းဟေဇာကပါ သွေးညှီနံ့ နံနေတဲ့ မင်းအောင်လှိုင်ကို ရေမွှေးတွေ ဘာတွေဖျန်းခိုင်းပြီး ပွဲထုတ်ဖို့ စိတ်ကူးယဉ်ကြည့်ပုံရပါတယ်။

မင်းအောင်လှိုင်နဲ့သာ အဖက်လုပ် ဆက်ဆံတဲ့ လူသားချင်းစာနာမှုအကူအညီဟာ မြန်မာ စစ်ရှောင်တွေ လက်ထဲ ရောက်၊ မရောက် မသေချာပေမဲ့ မင်းအောင်လှိုင် သက်ဆိုးရှည်ရေးအဖြစ် မင်းအောင်လှိုင်ဆီ ဆိုက်ဆိုက်မြိုက်မြိုက် အဲဒီအကူအညီတွေ ရောက်သွားမှာကတော့ သေချာတယ်။

အာဆီယံနဲ့ ယူအန်တို့ရဲ့ ဖေးမမှုတွေအရ မင်းအောင်လှိုင်ဟာ မြန်မာပြည်သူတွေကို အချိန်ကြာကြာ သတ်ဖြတ်နိုင်ပါလိမ့်မယ်။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024