Home
ဆောင်းပါး
စစ်အုပ်စုရဲ့ အောက်စီဂျင်ကို ဖြည့်နေသူ
DVB
·
May 9, 2022

တော်လှန်ရေးကာလ တစ်နှစ်ကျော်လာတဲ့ အချိန်အထိ စစ်အုပ်စု ခေါင်းထောင်ပြီး လူသတ်လုပ်ငန်းတွေ ဆက်လုပ်နေနိုင်တာဟာ သူတို့အတွက် ဝင်ငွေရရှိရာလမ်း​ကြောင်း ခပ်ကြီးကြီး ရှိနေခြင်းကြောင့်ပဲ ဖြစ်တယ်လို့ သွေးစွန်းငွေ ဖြတ်တောက်ရေး တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။

အဲဒီဝင်ငွေလမ်း​ကြောင်းတွေထဲမှာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) က အကြီးဆုံးပဲ ဖြစ်ပါတယ်။

MOGE ရဲ့တစ်နှစ်ဝင်​ငွေဟာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁,၅၀၀ခန့် ရှိပြီး၊ အဲဒီဝင်ငွေတွေနဲ့ စစ်အုပ်စုဟာ ပြည်သူကို ပြန်သတ်မယ့် လက်နက်​တွေကို​ စိတ်ကြိုက်ဝယ်ယူနေခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။ 

မြန်မာတစ်နိုင်ငံလုံးရဲ့ နိုင်ငံခြားဝင်ငွေ ရရှိတဲ့ ကဏ္ဍတွေထဲမှာ MOGE က ၇၀ ရာခိုင်နှုန်းနီးပါး ရှိတာမို့ စစ်အုပ်စုအတွက် နိုင်ငံခြား​ငွေ အဓိက ရှာပေးနေတဲ့​နေရာ ဖြစ်တယ်လို့လည်း သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုရဲ့  ရေးသားချက်တွေမှာ ခိုင်ခိုင်မာမာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ရှိတဲ့ ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက်တွေထဲက ရတနာလုပ်ကွက်မှာ ပြင်သစ်နိုင်ငံသားပိုင် Total Energies ကုမ္ပဏီက ၁၉၉၂ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့ပါတယ်။ ဆက်တိုက်ဆိုသလိုပဲ အမေရိကန်က Chevron (ယခင် UNOCAL) ၊ ထိုင်းက PTT စတဲ့ နိုင်ငံခြားကုမ္ပဏီများလည်း ဝင်ရောက်လာခဲ့ပါတယ်။

အားလုံးထဲမှာ ရှယ်ယာအများဆုံးဖြစ်တဲ့ Total က Operator အဖြစ် ဦးဆောင်လုပ်ကိုင်ခဲ့ပြီး အဲဒီကုမ္ပဏီ​တွေကတဆင့် စစ်အုပ်စုထိန်းချုပ်ထားတဲ့ MOGE ဆီကို ပိုက်ဆံ​တွေ ပေးနေတာပါ။

ဒီကုမ္ပဏီတွေဆိုတာကလည်း “ဘယ်သူသေသေ ငတေမာရင်ပြီးရော” ဆိုတဲ့ ကုမ္ပဏီမျိုးပါပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့ ဝင်ရောက်လာခဲ့ချိန်က မြန်မာပြည်ဟာ အာဏာရှင်လက်အောက်မှာ ဖွတ်ဖွတ်ညက်ညက် ကျေနေချိန်ပဲ ဖြစ်ပါတယ်။

ဓာတ်ငွေ့ပိုက်လိုင်းတလျှောက်က ပြည်သူတွေဆိုလည်း မတရား ခိုင်းစေခံရတာ၊ အိုးဖယ် အိမ်ဖယ် လုပ်ပေးရတာနဲ့ တချို့ဆို အသတ်ခံရတာ​တွေထိ အနိုင်ကျင့် အကြမ်းဖက်မှု​တွေ ကြုံ​တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ အနောက်အုပ်စုက လာတဲ့ ကုမ္ပဏီကြီးတွေက မသိချင်ယောင်ဆောင်ပြီး အလုပ်​တွေ ဆက်လုပ်နေခဲ့ပါတယ်။

၁၉၉၇ ခုနှစ်မှာ​တော့ အမေရိကန်နိုင်ငံက မြန်မာစစ်အစိုးရကို စီးပွားရေးပိတ်ဆို့ အရေးယူမှု လုပ်ခဲ့ပါတယ်။ စီးပွားရေး ပိတ်ဆို့အရေးယူတယ် ဆိုတာ ဒဏ်ခတ်ခံရတဲ့သူကို တခြားလူတွေက သွားမပတ်သက်ကြနဲ့လို့ အင်အားကြီး နိုင်ငံတစ်ခုက​နေ ပါဝါသုံးပြီး ပြောလိုက်ခြင်းပါပဲ။

အဲဒီကာလမှာ နိုင်ငံအတွင်း ရှိသမျှ အနောက်အုပ်စု ကုမ္ပဏီတွေအကုန် ထွက်ခွာသွား​ပေမဲ့ Total တို့ Chevron တို့က​တော့ မပါခဲ့ပါဘူး။ ဒါတွေဟာ လူ့အခွင့်အရေး ဆိုတာကို လက်သုံးစကားအဖြစ် သုံးနေကြတဲ့ အနောက်အုပ်စုလည်း သူတို့အကျိုးစီးပွားနဲ့ ပတ်သက်လာရင်​တော့ အထိမခံနိုင်ဘူး ဆိုတာကို သက်သေပြလိုက်ခြင်းပဲ ဖြစ်တယ်လို့ လူ့အခွင့်ရေးလှုပ်ရှားသူတွေက ဆိုကြပါတယ်။ 

သိပ်ကို ရင်နာစရာ ကောင်းတဲ့အချက်ကတော့ အဲဒီအချိန်ကာလအတွင်း တခြားသော နိုင်ငံခြားဝင်ငွေ တရားဝင်ရနေတဲ့ နေရာတွေ မရှိတော့ပေမဲ့ MOGE က​နေ ပိုက်ဆံ​တွေ ရ​နေခဲ့တဲ့အတွက် လူနည်းစု တိုင်းရင်းသားဒေသတွေကို ထိုးစစ်ဆင် အကြမ်းဖက်တဲ့ ကိစ္စတွေမှာ အသုံးပြုနိုင်ခဲ့တာပါပဲ။

ဦးပိုင်လို့ လူသိများတဲ့ MEHL လုပ်ငန်းစု ဆိုတာကလည်း ဒီပိုက်ဆံတွေနဲ့ ထောင်ပြီး စစ်ခေါင်းဆောင် မိသားစုတွေ စားမကုန် သောက်မကုန် ချမ်းသာကြွယ်ဝလာတာပါ။

၈၈ အရေးတော်ပုံ နောက်ပိုင်းကနေ အခုလို ကမ္ဘာ့အဆင့်မီ စစ်တပ်တစ်ခု ဖြစ်လာတဲ့အထိ ငွေကြေးထောက်ပံမှု​တွေ လုပ်ပေးခဲ့ပြီး စစ်အုပ်စုကို သက်ဆိုးရှည်စေခဲ့တာဟာလည်း MOGE က ရတဲ့ ပိုက်ဆံတွေနဲ့ပါပဲ။ 

၂၁ ​နွေဦးတော်လှန်ရေးကာလမှာ​တော့ MOGE အပေါ် အရေးယူမှုတွေ လုပ်ပေးဖို့ ပြည်သူလူထုအားနဲ့ ဝိုင်းဝန်းဖိအားပေးတဲ့ လှုပ်ရှားမှု​တွေကို လုပ်ဆောင်ခဲ့ပါတယ်။ တောင်းဆိုခဲ့တာကတော့ သိပ်အများကြီး မဟုတ်ပါဘူး။ နိုင်ငံခြား ကုမ္ပဏီတွေအနေနဲ့  MOGE ဆီ ပေးရမယ့် ပိုက်ဆံတွေကို ဘယ်သူမှ ထုတ်ယူသုံးစွဲလို့ မရတဲ့ ကြားခံဘဏ်အကောင့်တစ်ခုထဲကို ထည့်ထားပေးဖို့ပါပဲ။ အားလုံးရဲ့ စု​ပေါင်းအား​ကြောင့် အောင်မြင်မှုတချို့တော့ ရရှိခဲ့ပါတယ်။ 

အဲဒီလိုနဲ့ ဘယ်သူသေသေ ငတေမာရင် ပြီးရော ဆိုတဲ့ Total နဲ့ Chevron တို့ဟာ ဒီနှစ် ၂၀၂၂ အစောပိုင်း ဇန်နဝါရီလ ၂၁ ရက်နေ့မှာ လူအခွင့်အရေး ချိုးဖောက်မှု​တွေ ရှိ​နေတဲ့ မြန်မာနိုင်ငံမှာ အလုပ်ဆက်မလုပ်ဘဲ ထွက်သွားတော့မယ်လို့ ကြေညာလိုက်ပါတယ်။ အဓိပ္ပာယ်က လူသတ်ကောင်နဲ့ အလုပ်တွဲမလုပ်တော့ဘူး ဆိုတဲ့ သ​ဘောပါ။ 

ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာတော့ EU ကလည်း ထပ်ပြီး MOGE ကို ပိတ်ဆို့ အရေးယူခဲ့ပါတယ်။ ဒါဟာ နိုင်ငံရေးအရ အားသာချက် ယူနိုင်ခဲ့တာလို့ နိုင်ငံရေးအင်အားစုများက သုံးသပ်ကြပါတယ်။ 

ပြည်သူတွေအနေနဲ့ကတော့ ဒီဇာတ်လမ်း ပြီးပြီလို့ပဲ မြင်မိမှာပါ။ တကယ်တော့ အနောက်အုပ်စုရဲ့ ကုမ္မဏီတွေ အဲ့ဒီလောက် သဘောမကောင်းပါဘူး။ MOGE ကို အရေးယူ ပိတ်ဆို့လိုက်​ပေမဲ့လည်း စစ်အုပ်စုဆီ ပိုက်ဆံ​တွေ ဆက်ပေးနေတုန်းပါပဲ။ 

EU ရဲ့ ပိတ်ဆို့မှုမှာပါတဲ့ အချက်တွေကတော့ “လက်ရှိ စစ်အုပ်စု ထိန်းချုပ်နေသော MOGE ဘဏ်အကောင့်များထဲမှ ရေနံ အကျိုးအမြတ်ငွေများကို ထုတ်ယူသုံးစွဲခွင့် မရှိတော့ခြင်း၊ ပြင်သစ်ရေနံကုမ္ပဏီများအနေဖြင့် MOGE အား ငွေပေးချေစရာ ရှိပါက ကြားခံထားသော ဘဏ်အကောင့် (Escrow Bank Account) ထဲသို့သာ လွှဲပြောင်းခွင့်ရှိပြီး MOGE အကောင့်ထဲသို့ လွှဲပြောင်းခွင့် မရှိတော့ခြင်း" ဖြစ်ပါတယ်။

နောက်တစ်ချက်အ​နေနဲ့ ခိုင်ကြေး၊ တွင်းဝခွန်၊ အမြတ်ဝေစု၊ အခွန်အခနဲ့ လုပ်ငန်းလည်ပတ်နိုင်ဖို့ လိုအပ်တဲ့ နည်းပညာ အချက်အလက်များပါ လွှဲပြောင်းပေးခွင့် မရှိခြင်းနဲ့၊ ဥရောပနိုင်ငံက ဘယ်​ရေနံကုမ္ပဏီမဆို မြန်မာနိုင်ငံက​နေ ထွက်ခွာမယ်ဆိုရင် အစုရှယ်ယာများကို MOGE ဆီ လွှဲပြောင်းခွင့် မရှိတော့ခြင်း ဆိုပြီး ​ဖော်ပြထားပါတယ်။

အဲဒီအပြင် လုပ်ငန်းဆောင်ရွက်လည်ပတ်ဖို့ အခြားသော ဥရောပ ရေနံကုမ္ပဏီအသစ်များ ဝင်ရောက်လာမှာကိုလည်း တားဆီးထားပါတယ်။ 

သို့​သော် ပိတ်ဆို့မှုဟာ စာသားသက်သက်သာ ဖြစ်ခဲ့ပြီး နောက်ကွယ်မှာ ကင်းလွတ်ခွင့် ဆိုတဲ့ အချက်နှစ်ချက် ပါလာပါတယ်။ အဲဒီကင်းလွတ်ခွင့်တွေကတော့ စီမံကိန်း ပိတ်သိမ်းခအနေနဲ့ MOGE အကောင့်ထဲကို အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၅၀ ပေးခွင့် ရှိတယ်ဆိုတဲ့ အချက်နဲ့၊ လုပ်ငန်းလုပ်ဆောင်တဲ့ အချက်အလက်များလည်း ပေးနိုင်ပြီး ရှယ်ယာများကို MOGE ဆီ ခွဲပေးနိုင်တယ် ဆိုတဲ့ အချက်​တွေ ဖြစ်ပါတယ်။ 

ပိတ်ဆို့မှုမှာ ဥရောပကုမ္မဏီများအနေနဲ့ MOGE ကတဆင့် စစ်အုပ်စုဆီ ပိုက်ဆံဆက်ပေးခွင့်မရှိ လို့ပါဝင်​ပေမဲ့ အမေရိကန်ဒေါ်လာ သန်း၂၅၀ ပေးတော့မဲ့ သဘောရှိနေတာ၊ MOGE ဆီ ရှယ်ယာများ ပေးခွင့်မရှိ လို့ပြောထား​ပေမဲ့ လက်တွေ့မှာ Total အ​နေနဲ့ MOGE ဆီ ရှယ်ယာများ ပေးလိုက ပေးနိုင်တယ် ဆိုတဲ့သဘော ဖြစ်​နေပါတယ်။ ဒါဟာ ကျွန်တော်တို့ ပြည်သူတွေအဖို့တော့ နားလှည့် ပါးရိုက် လုပ်ခံလိုက်ရတာပါပဲ။

ပိုဆိုးတဲ့အချက်က​တော့ Total ထွက်ခွာမယ်လို့ ကြေညာပြီးတဲ့နောက်မှာ ထိုင်းနိုင်ငံပိုင် PTT က Total နေရာမှာ Operator အဖြစ် အစားထိုးအနေနဲ့ ဆက်လက် လုပ်ကိုင်သွားမယ်လို့ ကြေညာလိုက်တာပါ။ 

Total ထွက်ပြီး PTT က ပြန်အစားဝင်တော့ MOGE က ပိုက်ဆံဆက်ရမယ့်သဘော ဖြစ်နေပြန်ပါတယ်။ ကုလားကြီးနဲ့ အရာကြီး ဘာမှမထူးသလို ဖြစ်နေတယ်။

Total က​နေ စစ်အုပ်စုဆီ ပေးမယ့် အမေရိကန်ဒေါ်လာ သန်း၂၅၀ ဆိုတဲ့ ပိုက်ဆံက မြန်မာပြည်မှာရှိတဲ့ လူတစ်ယောက်ချင်းစီကို ကျည်ဆံ ၈ တောင့်နဲ့ ပစ်သတ်နိုင်တဲ့ ပမာဏ ဖြစ်ပါတယ်။ တိုင်းရင်းသားဒေသတွေမှာ ဗုံးကြဲနေတဲ့ အဆင့်မြင့် တိုက်လေယာဉ် ၁၇ စီး ဝယ်လို့ ရပါတယ်။

ဒေါ်လာတွေ ရွှေလို ရှားနေတဲ့ မင်းအောင်လှိုင်တို့ အုပ်စုအတွက် အမေရိကန်ဒေါ်လာ သန်း ၂၅၀ ဆိုတာဟာ ပွပေါက်ပါပဲ။ နိုင်ငံခြားကုမ္ပဏီတွေက ဒီအကြမ်းဖက်စစ်အုပ်စုကို လူသတ်ဖို့၊ မီးရှို့ဖို့နဲ့ ဗုံးကြဲဖို့ တံခါးဆက်ဖွင့်ထားပေးတဲ့ သဘောဖြစ်ပါတယ်။ ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေတဲ့ မင်းအောင်လှိုင်တို့အတွက် အောက်စီဂျင် ဆက်ပေး​နေဦးမယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

ဒါ​ကြောင့် ၈၈ က မပိတ်နိုင်ခဲ့တဲ့ ဒီငွေဝင်ပေါက်ကို ၂၁ နွေဦးတော်လှန်ရေးမှာ အပြီးပိတ်နိုင်ဖို့က လက်ရှိ တော်လှန်ရေးသမားတွေနဲ့ ပြည်သူလူထုအားလုံးရဲ့ တာဝန်ပါပဲ။ ပြည်သူလူထုအနေနဲ့ လှုပ်ရှားမှုတိုင်းမှာ ပါဝင်ပြီး စစ်အုပ်စုရဲ့ အောက်စီဂျင်ကို ပိတ်ဆို့နိုင်ဖို့ သိပ်အ​ရေးကြီးပါတယ်။ 

ကိုကေတူး (ဘီအမ်စီ)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024