ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး ဒုတိယလှိုင်း တိုက်ပွဲခေါ်သံအဖြစ် စစ်အာဏာရှင် ဆန့်ကျင် ချီတက်ဆန္ဒပြပွဲကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့လူစည်ကားတဲ့ ရှင်ဂျုခုအရပ်မှာ ဂျပန်ရောက် မြန်မာပြည်သားတွေက မေလ ၈ ရက် ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
ဒီကနေ့ဟာ ဂျပန်နိုင်ငံမှာ အမေများနေ့ကျင်းပတာနဲ့ တိုက်ဆိုင်တဲ့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်ဆုံးလွတ်မြောက်ရေးအတွက်လည်း တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြပွဲဦးဆောင်သူတဦးဖြစ်တဲ့ ကိုရန်ပိုင်ဦးက “ကျနော်တို့အားလုံးရဲ့ အမေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲံ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးရေးကို တောင်းဆိုပါတယ်” လို့ ပြောပါတယ်။
ဆန္ဒပြပွဲ ပွဲဦးဆောင်သူတဦးဖြစ်တဲ့ ကိုသန့်ဇော်ထက်ကလည်း “ဒီဆန္ဒပြပွဲက မြန်မာနိုင်ငံအတွက် အသက်ပေးဆောင်ရွတ်နေကြတဲ့PDFတွေကို ဂုဏ်ပြုတာပါသလို သွေးစွန်းတဲ့နေတဲ့ စစ်ကောင်စီကို အားမပေးကြဖို့နဲ့ နိုင်ငံတကာရောက်နေပေမဲ့ မြန်မာပြည်သူတွေနဲ့ တသားတည်းရှိနေတာကို နည်းမျိုးစုံပူးပေါင်းပါဝင်ပြသနေတာပါ။ အားတင်းထားကြပါ”လို့ ပြော ပါတယ်။
ချီတက်ဆန္ဒပြပွဲမှာပါဝင်ခဲ့သူ တိုကျို မြန်မာသံရုံးက CDM လုပ်ထားတဲ့ ပထမအတွင်းဝန် ဦးအောင်စိုးမိုးကလည်း “ မြန်မာပြည်က CDM ဝန်ထမ်းတွေ ပန်းတိုင်ရောက်ခါနီပါပြီ။ ဇွဲရှိကြပါ မျှော်လင့်လို့တိုက်တာမဟုတ်ဘူး၊ ယုံကြည်လို့ တိုက်တာမို့လို့ အရေးတော်ပုံ အောင်ကိုအောင်ရမယ်” လို့ ပြောပါတယ်။
ဆန္ဒပြပွဲကို ဂျပန်ရောက်မြန်မာတွေသာမက စစ်တပ်အာဏာသိမ်းတာကို လက်မခံတဲ့ မြန်မာ့အရေးကူညီလှုပ်ရှားနေကြတဲ့ ဂျပန်လူမျိုးတွေလည်း ပူးပေါင်းပါဝင်ခဲ့ကြတာ တွေ့ရပါတယ်။
ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး ဒုတိယလှိုင်း တိုက်ပွဲခေါ်သံအဖြစ် ဂျပန်အပါအဝင် နိုင်ငံတကာမြို့ကြီးမှာ တပြိုင်နက် ကျင်းပနေကြတာဖြစ်ပါတယ်။
ဇော်ဇော်လှိုင်