တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စုမှာရှိတဲ့ ဆင်ဖြူရှင် အမှတ် ၄ ထုံခါ အကျဉ်းစခန်းကို ဒီမနက် ၅ နာရီက ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း ၂ ရဲ့ တပ်ခွဲတခုက ဝင်ရောက်စီးနင်းခဲ့တယ်လို့ သိရပါတယ်။
မိနစ် ၂၀ ကြာလောက် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးတာကို အတည်ပြုနိုင်ပြီး နောက်ထပ် ၃ ယောက်ကတော့ ပြင်းထန်ဒဏ်ရာနဲ့ သေဆုံးနိုင်သေးတယ်လို့ တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ပါတယ်။
ဒီတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ပူးပေါင်းအဖွဲ့က ရဲဘော်တယောက် ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
မနေ့ မနက်ပိုင်းကလည်း ကံပေါက် မောရဝတီရေတပ်ကနေ ကလိန်အောင်မြို့ကိုလာနေတဲ့ ရေတပ်က ကားကို ကံပေါက်ပြည်သူ့ကာကွယ်ရေးနဲ့ မဟာမိတ်တပ်တို့က မိုင်းဆွဲတိုက်ခိုက်လို့ စစ်သား ၄ ယောက်သေ၊ ၆ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ကလိန်အောင် အမှတ် ၂ တံတားနားမှာ မိုင်းခွဲခဲ့တာဖြစ်ပြီး ဒဏ်ရာရသူတွေကိုတော့ ဆေးရုံကို ပို့လိုက်ပြီး သေဆုံးသွားတဲ့ စစ်ကောင်စီ တပ်သား အလောင်းတွေကို ကလိန်အောင်ဆေးရုံကနေ ကံပေါက် မောရဝတီ ရေတပ်ဌာနချုပ်ကို သယ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ သေနတ်တွေ ရမ်းပစ်ခဲ့သလို လမ်းသွားလမ်းလာတွေကိုလည်း တင်းတင်းကြပ်ကြပ်စစ်ဆေးနေတယ်လို့ သိရပါတယ်။ ဒီတိုက်ခိုက်မှု အပြီးမှာ ကံပေါက်ပြည်သူ့ကာကွယ်ရေးနဲ့ မဟာမိတ်တပ်တို့ကတော့ ဘေးကင်းကင်းနဲ့ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း အဖွဲ့က ထုတ်ပြန်ပါတယ်။