အရှေ့အာရှ၌ ယူကရိန်းကျူးကျော်မှုပုံစံ ဖြစ်နိုင်လာနိုင်ဟု ဂျပန်ပြောဆိုချက် တရုတ်တုံ့ပြန်

ဂျပန်အစိုးရဟာ စစ်တပ်အင်အား တိုးချဲ့ဖို့ အကြောင်းပြချက်အနေနဲ့ တရုတ်အစိုးရဆီက ခြိမ်းခြောက်မှုကြောင့်ဆိုတဲ့စကားကို ချဲ့ကားပြောဆိုခဲ့တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဂျပန်အစိုးရကို မေ ၆ ရက်မှာ စွပ်စွဲလိုက်ပါတယ်။

ယူကရိန်းကို ကျူးကျော်မှုဟာ အရှေ့အာရှမှာ ထပ်တူပြုလာနိုင်တယ်လို့ ဂျပန်ဝန်ကြီးချုပ် ဖုမိအို ခိရှိဒက  သတိပေးအပြီးမှာ တရုတ်က ခုလို တုံ့ပြန်လိုက်တာပါ။

"ဒီမှတ်ချက်တွေဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အထောက်အကူ မပြုသလို လူကြိုက်လည်း မများဘူး" လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ကျောက်လိကျန်းက တရုတ်မြို့တော် ပေဂျင်းက ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း ပြောပါတယ်။

ဂျပန်ဝန်ကြီးချုပ်ဟာ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နဲ့ အစည်းအဝေးအပြီး ဘာသာပြန်တဦးနဲ့ လန်ဒန်မှာ ခုလို ပြောခဲ့တာပါ။

ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်းထားဖို့ လိုတယ်လို့လည်း  ဂျပန်ဝန်ကြီးချုပ်ကက ပြောခဲ့ပါတယ်။

တကယ်လို့ ဂျပန်အစိုးရဟာ အရှေ့အာရှမှာ ငြိမ်းချမ်းတည်ငြိမ်ရေးကို တကယ်လိုလားတယ်ဆိုရင် အင်အားကြီးနိုင်ငံတွေကြား ထိပ်တိုက်တွေ့အောင် နှိုးဆွနေတာတွေ ချက်ချင်းရပ်သင့်တယ်လို့ ကျောက်လိကျန်းက ပြောပါတယ်။

//
More News
Up