မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ပျဥ်းချောင်းဂိတ်နားမှာ မေ ၆ ရက်ညနေပိုင်းက လူငယ်တယောက်ကို စစ်ကောင်စီတပ်တွေက သေနတ်နဲ့ ပစ်သတ်ကာ နောက်တယောက်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပျဥ်းချောင်းဂိတ်နားမှာ ညနေ ၃ နာရီလောက်က စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ ပူးပေါင်းအဖွဲ့က ကျွန်းကြီးကျေးရွာက လူငယ်တယောက်ကို သေနတ်နဲ့ ပစ်သတ်ကာ နောက်တယောက်ကိုတော့ ခေါင်းကို အိပ်စွပ်ပြီး ဖမ်းဆီးသွားကြတယ်လို့ ပျဥ်ချောင်းရွာဒေသခံက ပြောပါတယ်။
ကျွန်းကြီးကျေးရွာ ဒေသခံတယောက်ကလည်း “သူတို့က ရန်ကုန်ကို အလုပ်လုပ်အောင်သွားကြတာ။ စစ်ကောင်စီတပ်သားတွေ မြင်တော့ တယောက်က ကြောက်လန့်ပြီး ထွက်ပြေးတာ။ အဲဒါကို သေနတ်နဲ့ လိုက်ပစ်လို့ သေဆုံးခဲ့ရတာ။ အမည်တွေကိုကတော့ ကျန်တဲ့ မိသားစုဝင်တွေရဲ့ လုံခြုံရေးအရမို့ မပြောတော့ပါဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ပခုက္ကူခရိုင်အတွင်းက စစ်ဆေးရေးဂိတ်တွေမှာ တင်းကျပ် ပိတ်ဆို့ စစ်ဆေးနေပြီး ပြည်သူတွေကို ဖမ်းဆီးနေသလို ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကို စောင့်ကြည့်ကာ PDF လို့ စွပ်စွဲပြီး နေအိမ်တွေအထိ လိုက်လံဖမ်းဆီးနေတယ်လို့လည်း သိရပါတယ်။