စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တင်သားကျေးရွာအုပ်စု၊ အရှေ့စည်းကျေးရွာမှာ စစ်ဘေးရှောင်ကလေးငယ် ၁၀၀ ဝန်းကျင်လောက် ဝမ်းလျှော ဝမ်းပျက် ရောဂါဖြစ်ပွားနေတဲ့အတွက် ဆေးဝါးကျန်းမာရေး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းလောက်ကစပြီး စစ်ကောင်စီတပ်ဖွဲ့တွေက အရှေ့စည်းရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာမှာ ရှောင်တိမ်းနေကြရတာပါ။
အဲဒီလို စစ်ဘေးရှောင်ရင်း ကလေးငယ်တွေက တောင်ကျချောင်းရေချိုးပြီး တောင်ကျချောင်းရေကိုပဲ သောက်သုံးရတဲ့အတွက် ကလေးငယ်တွေအနေနဲ့ မေ ၄ ရက်ကစပြီး ဝမ်းလျှော ဝမ်းပျက် ဖြစ်ပေါ်နေကာ ကုသပေးမယ့်သူလည်း မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ကလေးငယ် ၂၀၀ ဝန်းကျင်မှာ တဝက်နီးပါးက အခုလို ဖြစ်ပွားနေတာဖြစ်ပြီး လက်ရှိ တောတောင်တွေထဲမှာ စစ်ဘေးရှောင်နေရတဲ့အတွက် နေစရာ အခက်အခဲလည်း ရှိနေသလို စားနပ်ရိက္ခာတွေလည်း လုံလောက်မှုမရှိဘူးလို့ အရှေ့စည်းရွာက ဒေသခံတဦးက ဆိုပါတယ်။
အရှေ့စည်းရွာဟာ အိမ်ခြေ ၉၀၀ ဝန်းကျင်ရှိတဲ့ ကျေးရွာကြီးတခုဖြစ်ပြီး မေလဆန်းပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်မီးရှို့ခဲ့လို့ ကျေးရွာအတွင်းက အိမ်ခြေ ၇၀၀ ကျော်လောက် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်ကလည်း တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေသခံတွေဟာ ဒိုးနွယ်မြစ်ကူးတံတား ကူးတဲ့အချိန် တံတားကျိုးကျပြီး ဒေသခံ ၇ ဦး ရေနစ်သေဆုံးခဲ့ပါသေးတယ်။