ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာပြီး မလေးရှားနိုင်ငံကို ဆက်သွားမယ့် မြန်မာနိုင်ငံသား ၁၄ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က မေ ၅ ရက် မနက်အစောပိုင်းမှာ ဖမ်းဆီးလိုက်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
သူတို့အုပ်စုကို ထိုင်းနိုင်ငံတောင်ပိုင်းနယ်စပ် ဆဒေါင်းခရိုင်ထဲက သစ်တောဧရိယာတခုထဲမှာ ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်တပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ပူးပေါင်းပါဝင်တဲ့ ကင်းလှည့်တပ်ဖွဲ့က မနက် ၃ နာရီခွဲလောက်မှာ ဖမ်းမိခဲ့တာလို့ ရဲတွေက ပြောပါတယ်။
ဖမ်းမိသူတွေထဲမှာတော့ အမျိုးသား ၁၀ ယောက်နဲ့ အမျိုးသမီး ၄ ယောက်ပါဝင်ပြီး သူတို့ဟာ ထိုင်းနိုင်ငံထဲကို ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့ကတည်းက ကော့သောင်းကနေ လှေနဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာခဲ့ကာ ထိုင်းနိုင်ငံဘက် ရနောင်းခရိုင်ထဲကို ရောက်ရှိခဲ့ပြီးနောက် မလေးရှားဘက်ကို ထပ်မံဖြတ်ကျော်ဝင်ရောက်ဖို့အတွက် သူတို့ကို လာခေါ်မယ့် သူတွေကို စောင့်ဆိုင်းနေခဲ့တာလို့ ဆိုပါတယ်။
မေ ၄ ရက်မှာတော့ သူတို့ကို ပစ်ကပ်ကားတစီးနဲ့ သူတို့မသိတဲ့ နောက်ထပ်တနေရာကို ခေါ်ဆောင်သွားခဲ့ပြီး အဲဒီကနေတဆင့် ထိုင်းနိုင်ငံ ဆုန်ခလာဒေသထဲကို နောက်ထပ်ကားတစီးနဲ့ ပို့ဆောင်ထားခဲ့ချိန်မှာပဲ ခုလိုဖမ်းဆီးခံခဲ့ရတာ ဖြစ် ပါတယ်။
ဖမ်းဆီးခံရသူတွေထဲက တချို့ကတော့ ထိုင်းလို ပြောနိုင်ကြပြီး သူတို့ဟာ ရန်ကုန်နဲ့ ရခိုင်ဒေသတွေကနေ မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့အတွက် ပွဲစားခတယောက်ကို ဘတ် ၃ သောင်းစီနဲ့ ခုလိုဝင်ရောက်လာခဲ့ကြတာလို့ ရဲတွေက မေးမြန်းချိန်မှာ ဖြေကြားခဲ့ပါတယ်။
သူတို့ကို ဆဒေါင်းရဲစခန်းဆီ လွှဲပြောင်းမပေးခင်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ထားခြင်းရှိမရှိ စမ်းသပ်စစ်ဆေးခဲ့ပြီး ဥပဒေကြောင်းအရ နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုအတွက် အရေးယူဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။