ချင်းပြည်နယ် မင်းတပ်မြို့နယ် မင်းတပ်-မတူပီကားလမ်းမှာ မေ ၄ ရက် ညနေပိုင်းက ချင်းကာကွယ်ရေးတပ် CDF-မင်းတပ်နဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ CDF-မင်းတပ်က ပြောပါတယ်။
မင်းတပ်-မတူပီကားလမ်းမှာ ညနေ ၃ နာရီခွဲလောက်ကနေ ၅ နာရီခွဲလောက်အထိ CDF-မင်းတပ်နဲ့ စစ်ကောင်စီတပ်တွေ ၂ နာရီလောက်ကြာအောင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တာလို့ CDF-မင်းတပ်ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းဟာအွမ်က ဒီဗွီဘီကို ပြောပါတယ်။
“စစ်ကောင်စီဘက်က အင်အား ၂၀၀ လောက်ပါတဲ့ ကား ၇၃ စီးယာဉ်တန်းကို တိုက်ခိုက်ခဲ့တာဗျ။ တိုက်ပွဲကတော့ အနီးကပ် ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်က ၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားတယ်။ တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ ရာသီဥတု အရမ်းဆိုးရွားလာလို့ ပြန်လည်ဆုတ်ခွာခဲ့ရတယ်။ ကျနော်တို့ဘက်ကို စစ်ကောင်စီယာဉ်တန်း အများအပြားနဲ့ စစ်ကြောင်းထိုးတာ ဒါနဲ့ဆိုရင် ၃ ခါရှိပြီ။ ပထမတကြိမ် စစ်ကြောင်းထိုးကတည်းက မင်းတပ်-မတူပီ ကားလမ်းပေါ်က ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ ဝင်မွှေလို့ ရွာသူရွာသားတွေအားလုံး ဘေးလွတ်ရာ နေရာတွေနဲ့ စစ်ရှောင်စခန်းတွေကို ထွက်ပြေးတိမ်ရှောင်နေကြရတယ်။ ကျေးရွာအရေအတွက်နဲ့ လူဦးရေစာရင်းကိုတော့ ကျနော်လည်း အတိအကျမသိရသေးဘူး။”
စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲဧရိယာအတွင်းက ရွာတွေကို ဝင်မွှေပြီး မီးရှို့ဖျက်ဆီးတာ၊ အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေ ခိုးယူတာတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တာတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ ဆိုပါတယ်။
ဧပြီ ၂ ရက် မနက်ပိုင်းကလည်း မတူပီမြို့နယ်ဘက်ကနေ ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို CDF-မင်းတပ်က တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၅ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီ စစ်ကောင်စီတပ်သားတွေဟာ ၄၅ မိုင်မှာ ညအိပ်နိုင်တယ်လို့ ခန့်မှန်းထားပြီး နောက်ရက်မှာလည်း တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်လို့ မိဘပြည်သူတွေအနေနဲ့ CDF-မင်းတပ်က ရဲဘော်တွေအတွက် ဆုတောင်းပေးကြဖို့ တိုက်တွန်းထားပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ထိခိုက်ကျဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။